Border News Agency
နေပြည်တော်၊ ဧပြီ ၁၉။
မြန်မာနှစ်ဆန်းတရက်နေ့မှာ စစ်ကော်မရှင်တပ် သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးခဲ့တာဟာ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားတာပဲဖြစ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် ဘာမှအထောက်အကူမပြုဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဧပြီလ ၁၈ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီလွတ်မြောက်လာသူတွေ မိသားစုနဲ့ ပြန်ဆုံရတာကို ဝမ်းသာပေမယ့် ဒါဟာ အရပ်သားတွေအပေါ် လေကြောင်းကနေ တိုက်ခိုက်တာ၊သတ်ဖြတ်တာနဲ့ ရွာတွေကို မီးရှို့တာစတဲ့ စစ်ရာဇဝတ်မှုတွေအပေါ် နိုင်ငံတကာက အမြင်လွဲသွားအောင် လုပ်တာပဲလို့ AAPP က ထောက်ပြထားပါတယ်။
ခြွင်းချက်နဲ့လွှတ်ပေးတယ်ဆိုတာဟာ အကျဉ်းကနေ အကျယ် ကို ပြောင်းပြီး ထိန်းချုပ်လိုက်တာပဲဖြစ်လို့ လွတ်လာသူတွေအတွက် လုံခြုံရေးအရ စိုးရိမ်စရာတွေ ရှိနေဆဲပဲလို့ ဆိုပါတယ်။
တကယ်လို့ နိုင်ငံတည်ငြိမ်တာကို အမှန်တကယ်လိုလားရင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ဘာခြွင်းချက်မှမထားဘဲ အမြန်ဆုံးလွှတ်ပေးရမှာဖြစ်တယ်လို့လည်း ပြောထားပါတယ်။
ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရွေးခဲ့တဲ့ ကိုယ်စားလှယ်တွေကို သူတို့ရဲ့တာဝန်တွေ ပြန်ပေးဖို့ တောင်းဆိုထားသလို၊အခုလွတ်လာသူတချို့ဆိုရင်လည်း နေရပ်နဲ့ဝေးတဲ့ ထောင်တွေကို ပြောင်းရွှေ့ခံထားရတာကြောင့် အိမ်ပြန်ဖို့ အခက်အခဲတွေ အများကြီးကြုံနေရတယ်လို့ ဆိုပါတယ်။
လူငယ်နိုင်ငံရေးအကျဉ်းသားတွေဆိုရင်လည်း အဓမ္မစစ်မှုထမ်းဥပဒေကြောင့် လွတ်လာပေမယ့် ဘာဖြစ်လာမလဲဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်တဲ့အထိ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတိုက်ပွဲဝင်သွားကြဖို့ AAPP က တိုက်တွန်းထားပါတယ်။






