Border News Agency
အီရန်၊ဧပြီ ၂၁။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ တိုက်တွန်းမှုကြောင့် မဟုတ်ဘဲ သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ ဧပြီလ ၂၀ ရက်၊ မနေ့ကငြင်းဆိုလိုက်ပါတယ်။
ထရန့်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားရာမှာတော့ “အီရန်မှာ နျူကလီးယားလက်နက် လုံးဝမရှိစေရဘူး” ဆိုတာဟာ သူ့ရဲ့တသက်တာခံယူချက်ဖြစ်ပြီး အစ္စရေးကိုဟားမတ်စ်အဖွဲ့က တိုက်ခိုက်ခဲ့တဲ့ အောက်တိုဘာလ ၇ ရက် ဖြစ်စဉ်ကလည်း ဒီစစ်ပွဲကိုဖြစ်စေတဲ့ အကြောင်းရင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ပွဲကြောင့် အမေရိကန်မှာ စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ကြုံနေရတာကြောင့် ထရန့်ရဲ့ စီမံခန့်ခွဲမှုအပေါ် အမေရိကန်ပြည်သူ အများစုက မကျေမနပ် ဖြစ်နေကြပါတယ်။
ဒါ့အပြင် သူ့ရဲ့ပြိုင်ဘက် ဒီမိုကရက်တပါတီက ကာမလာဟဲရစ်ကလည်း ထရန့်ဟာ နေတန်ယာဟုရဲ့ ဆွဲဆောင်မှုနောက် ပါသွားပြီး အမေရိကန်ပြည်သူတွေ မလိုလားတဲ့စစ်ပွဲထဲ ရောက်သွားတာလို့ ဝေဖန်ထားတာပါ။
အခုအချိန်မှာတော့ အမေရိကန်နဲ့ အီရန်ကြား စစ်ပွဲကို ခေတ္တရပ်နားထားပြီး လာမယ့်ရက်ပိုင်းအတွင်း ပါကစ္စတန်နိုင်ငံမှာ နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့ ရှိနေတယ်လို့ သိရပါတယ်။






