Border News Agency
အမေရိကန်၊ဧပြီ ၂၅။
အီရန်နဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲမှာအမေရိကန်ကို အခြေစိုက်စခန်းတွေနဲ့ လေပိုင်နက်အသုံးပြုခွင့် မပေးတဲ့နေတိုးမဟာမိတ်နိုင်ငံတွေကိုအရေးယူဖို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အတွင်းရေးအီးမေးလ်တခုမှာ ဖော်ပြထားတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
အဲဒီအီးမေးလ်ထဲမှာ စပိန်နိုင်ငံကို နေတိုးမဟာမိတ်အဖွဲ့ကနေ ခေတ္တရပ်ဆိုင်းဖို့နဲ့ ဗြိတိန်ပိုင်ဆိုင်တဲ့ ဖော့ကလန်ကျွန်းစုအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုသဘောထားကို ပြန်လည်သုံးသပ်ဖို့စတဲ့ ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေပါဝင်နေတာပါ။
သမ္မတ ဒေါ်နယ်ထရန့်က နေတိုးမဟာမိတ်တွေဟာ အမေရိကန်အပေါ်မှာပဲအမြဲမှီခိုနေပြီး အရေးကြုံချိန်မှာတော့ကူညီတာမရှိဘူးလို့ ပြင်းပြင်းထန်ထန်ဝေဖန်ထားသလို အမေရိကန်အနေနဲ့ နေတိုးအဖွဲ့ကနေ နုတ်ထွက်ဖို့အထိပါစဉ်းစားနေတယ်လို့ သိရပါတယ်။
အထူးသဖြင့် စပိန်နိုင်ငံကသူတို့ရဲ့ အခြေစိုက်စခန်းတွေကို အီရန်ကိုတိုက်ခိုက်ဖို့အတွက် အသုံးပြုခွင့်မပေးတာကို အမေရိကန်က အလွန်အမင်း မကျေမနပ်ဖြစ်နေပြီး ဗြိတိန်ဝန်ကြီးချုပ်ကိုလည်း အီရန်စစ်ပွဲမှာပါဝင်ဖို့ဝန်လေးနေတာကြောင့် ထရန့်က လူသိရှင်ကြား ပြစ်တင်ထားပါတယ်။
ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူကတော့ မဟာမိတ်နိုင်ငံတွေဟာ စက္ကူကျားတွေလို မဖြစ်သင့်ဘဲ သူတို့တာဝန်ရှိတာတွေကို လုပ်ဆောင်ရမှာဖြစ်ကြောင်းနဲ့ သမ္မတအနေနဲ့ ခိုင်မာတဲ့ရွေးချယ်စရာ နည်းလမ်းတွေရှိအောင် စီစဉ်နေတယ်လို့ ပြောကြားထားပါတယ်။







