Border News Agency
ဂန့်ဂေါ၊ ဧပြီ ၂၆။
မကွေးဒေသ၊ဂန့်ဂေါမြို့နယ်နဲ့ ကရင်နီပြည်နယ်လွိုင်ကော်မြို့နယ်မှာ စစ်ကော်မရှင်တပ်သားနှစ်ဦးက တော်လှန်ရေးတပ်ဖွဲ့တွေဆီအလင်းဝင်လာကြတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ခလရ ၅၀ မှ တပ်သားတဦးဟာ ဂန့်ဂေါမြို့နယ် ပကဖ နဂါးညီနောင်အဖွဲ့ထံကို ရပ်ကျေး ပကဖ စနေသားမှတဆင့် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်သားဟာ MA3 တ လက်၊ ကျည်ဘောက်လေးခု၊ လက်ပစ်ဗုံး လေးလုံး၊ ကျည်တရာ့ကိုးဆယ်ခုနှစ်တောင့်တွေကိုယူပြီး အလင်းဝင်ရောက်လာတာကြောင့် ဆုငွေ သိန်းငါးဆယ်ကိုလည်းချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် လွိုင်ကော်မြို့ စံမီပွင့်ဂိတ်နွားလဝိုးကျေးရွာဂိတ်စခန်းကတပ်သားဟာ မုံရွာခရိုင် တပ်ရင်း ၁၂၊ လျှပ်စီးတပ်ခွဲ ၃ တာဝန်ခံ ဗိုလ်မိုးကြိုးထံဆက်သွယ်ခဲ့ရာမှတဆင့် KNDF တပ်ရင်းဆီအလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအလင်းဝင်တပ်သားကလည်း MA3 တလက်၊ ကျည်ဘောက်သုံးခု၊ ကျည်သုံးရာ တောင့်နဲ့ကျည်ကာတစုံတို့ကိုယူပြီးအလင်းဝင်လာတယ်လို့ဆိုပါတယ်။







