Border News Agency
ဘုတ်ပြင်း၊ ဧပြီ ၂၇။
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် ခလရ ၂၂၄ တပ်ရင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦးဟာ ကော့သောင်းခရိုင် အမှတ် ၁တပ်ရင်းနဲ့ ပူးပေါင်းအဖွဲ့ဆီကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့မှာ အလင်းဝင်ရောက်လာခဲ့ပါတယ်။
အဲဒီအလင်းဝင်လာသူမှာ အသက် သုံးဆယ်သုံးနှစ်အရွယ်ပေါက်ကြီးဖြစ်ပြီး သူဟာ ရန်ကုန်၊မှော်ဘီမြို့နယ်ရှိ သင်တန်းကျောင်းမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၇ ကို တက်ရောက်ခဲ့ပြီးနောက် ဘုတ်ပြင်းမြို့နယ်သို့ ရောက်လာသူ ဖြစ်ပါတယ်။
သူဟာ ပြည်ကြီးမဏ္ဍိုင်-ရတနာပုံလမ်းပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းကနေ ဧပြီလ ၂၂ ရက်နေ့မှာ ထွက်ပြေးလာခဲ့ပြီး ကော့သောင်းခရိုင် အမှတ် ၁တပ်ရင်းဆီကို ဆက်သွယ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုအလင်းဝင်လာစဉ်မှာ MA-1 သနတ် တလက်၊ ကျည်ဘောက်သုံးဘောက်နဲ့ ကျည်ဆန်နှစ်ရာ့ရှစ်ဆယ်တောင့်ကိုပါ တပါတည်း ယူဆောင်လာခဲ့တာပါ။
သူ့ကို ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းနဲ့ ပူးပေါင်းအဖွဲ့က ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။






