Border News Agency
မိုးကုတ်၊ ဧပြီ ၂၉။
မိုးကုတ်ဗျူဟာက ရဲဘော်အချို့ဟာ တပ်ဖွဲ့စည်းကမ်းတွေကို ချိုးဖောက်ပြီး ရန်သူဖြစ်တဲ့ စစ်ကော်မရှင်တပ်ဘက်ကို သစ္စာဖောက်ကာ ထွက်ပြေးသွားကြတယ်လို့ ဧပြီ လ၂၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီတပ်ပြေးတွေဟာ တော်လှန်ရေးတာဝန်တွေကို စွန့်ခွာပြီး ရန်သူနဲ့ ပူးပေါင်းသွားခဲ့တာလို့ဆိုပါတယ်။
အဲဒီအပြင်တော်လှန်ရေးဘက်က ရဲဘော်တွေကို စိတ်ဓာတ်ပျက်ပြားစေဖို့အတွက် ဗီဒီယိုကောကတဆင့် ဆက်သွယ်ပြီး စစ်ကော်မရှင်ထံ အညံ့ခံဖို့ တိုက်တွန်းနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တပ်ဖွဲ့ရဲ့တည်နေရာတွေကို မေးမြန်းတာနဲ့ မပြောရင် အိမ်တွေကို ချိတ်ပိတ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေလည်းရှိနေတယ်လို့လည်းဆိုပါတယ်။
စစ်ကော်မရှင်ဘက်ကို ရောက်သွားတဲ့ အဲဒီတပ်ပြေးတွေဟာ တော်လှန်ရေးရဲဘော်တွေကို နည်းမျိုးစုံနဲ့ သွေးဆောင်ဖြားယောင်းမှုတွေ ပြုလုပ်နေကြတယ်လို့လည်းဆိုပါတယ်။
အခုလို လုပ်ရပ်တွေဟာ တပ်ဖွဲ့နဲ့ တော်လှန်ရေးအပေါ် သိသိသာသာ သစ္စာဖောက်ဖျက်တာဖြစ်တယ်လို့ မိုးကုတ်ဗျူဟာက ဆိုပါတယ်။
ဒါကြောင့် မိုးကုတ်ဗျူဟာအနေနဲ့ တပ်ဖွဲ့အပေါ် သစ္စာဖောက်ခဲ့ကြတဲ့ အဲဒီလောက်ကောင်တွေကို တပ်အင်အားစာရင်းကနေ ထုတ်ပယ်လိုက်ပြီလို့ဆိုပါတယ်။
အဲဒီအပြင်သူတို့ကို ပြင်းထန်စွာ အပြစ်ပေးအရေးယူသွားမယ်လို့လည်းအသိပေးထားပါတယ်။
တော်လှန်ရေးကာလအတွင်း ခုလို သစ္စာဖောက်မှုတွေ ရှိလာတတ်တာကြောင့် ရဲဘော်တွေအနေနဲ့ သတိပြုကြဖို့နဲ့ ရန်သူ့သွေးဆောင်မှုတွေနောက် မပါသွားကြဖို့လည်း တိုက်တွန်းထားပါတယ်။






