Border News Agency
ကျောက်ထု၊ မေ ၄။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ကျောက်ထုမြို့မှာ အာဏာသိမ်းစစ်တပ်ခံစစ်အခိုင်အမာပြင်ပြီး အထိုင်ချနေပြီလို့ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအာဏာသိမ်စစ်သားတွေဟာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့အခြေစိုက်၊ အမှတ် ၇၀၇ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်အောက်ရှိ ကျောက်ထုမြို့အခြေစိုက်၊ အမှတ် ၃၆၈ အမြောက်တပ်ရင်းကဖြစ်ပါတယ်။
အဲဒီအာဏာသိမ်းစစ်သားအင်အားနှစ်ရာကျော်ခန့်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရ က်နေ့စတင်ပြီး ကံကြီးကျေးရွာကိုလာရောက်စခန်းချကင်းလှည့်နေကြတာဖြစ်ပါတယ်။
အဲဒီနောက်ကျေးရွာအနီးပတ်ဝန်းကျင်အပါအဝင် ကျေးရွာထဲမှာခံစစ်အခိုင်အမာတည်ဆောက်ပြီး အထိုင်ချနေကြတာမို့ ကျေးရွာသားတွေပိတ်မိနေကြသလို ခရီးသွားပြည်သူတွေအတွက်လည်းအခက်အခဲတွေဖြစ်သွားစေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
“ကံကြီးကျေးရွာစာသင်ကျောင်းမှာက တုတ်ကျင်းတွေတူးပြီးအခိုင်အမာစခန်းချနေကြပါပြီ။ ကျောင်းနောက်ကကုန်းတွေပေါ်မှာလည်း ကာကင်းတွေအခိုင်အမာလုပ်ထားကြပါပြီ။ ဒီရွာကပြန် သွားတော့မယ်မထင်ပါဘူး။ ဒီမှာအခိုင်အမာစခန်းချအင်အားဖြည့်ပြီးတခြားကိုစစ်ကူသွားမယ်ပုံပေါ်နေပါတယ်။ ပိတ်မိနေကြတဲ့ရွာသားတွေလည်းရှိပါတယ်။ ခရီးသွားတွေအတွက်အခက်အခဲပိုဖြစ်သွားပါတယ်။”လို့ ဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအပြင် ကားလမ်းတလျှောက်ရှိ အများပြည်သူနေအိမ်တွေမှာလည်း နေရာယူကင်းပုန်းဝပ်နေကြသလို ကျေးရွာအနီးအနားနေရာတွေထိ ကင်းလှည့်တာတွေ၊ ကင်းပုန်းဝပ်တာတွေပြုလုပ်နေကြပြီးရှေ့ဆက်တိုးဖို့ အခိုင်အမာစခန်းချအင်အားစုနေကြတာလို့ ဆိုကြပါတယ်။
အဲဒီကံကြီးကျေးရွာဟာ ဆောမြို့နယ်နဲ့မင်းတပ်မြို့နယ်ကြားတည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးနဲ့စစ်ရေးအရအရေးပါတာမို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်တာတွေလုပ်ဖို့ ကြိုတင်ပြဆင်နေတာလို့ ဆိုကြပါတယ်။
ဒါပေမယ့် ကံကြီးကျေးရွာနဲ့ဆောမြို့နယ်ကြားအပါအဝင် ကံကြီးကျေးရွာနဲ့မတူပီမြို့နယ်ကြားနေရာအားလုံးကို လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတာမို့ ကံကြီးရွာမှာစခန်းချနေကြတဲ့အာဏာသိမ်းစစ်သားတွေ အချိန်မရွေးတိုက်ခိုက်ခံရနိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီဆောမြို့ပေါ်ရဲစခန်းမှာ အာဏာသိမ်းစစ်တက်အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေရှိနေသေးပေမယ့် မြို့ပေါ်နေရာအများစုအပါအဝင် မြို့နယ်တခုလုံးနီးပါးကို လက်နက်ကိုင်တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားပါတယ်။
အဲဒီဆောမြို့နယ်ဟာ ချင်းညီနောင်တွေထိန်းချုပ်ထားတဲ့ ကန်ပက်လက်၊ မင်းတပ်၊ မတူပီစတဲ့မြို့နယ်တွေကို အဓိကဝင်ရောက်နိုင်တဲ့နေရာဖြစ်သလို လမ်းပန်းဆက်သွယ်ရေးနဲ့ ထောက်ပို့လမ်းကြောင်းအရလည်းအရေးပါတာမို့ ဆောမြို့နယ်ကို အာဏာသိမ်းစစ်တပ်ပြန်လည်ထိန်းချုပ်စိုးမိုးနိုင်ရေးအတွက် အရေးပါတဲ့ကျေးရွာကို လက်ဦးမှုယူထိန်းချုပ်လိုက်တာဖြစ်နိုင်တယ်လို့ မြေပြင်စစ်ရေးအခြေအနေသိသူတွေက သုံးသပ်ကြပါတယ်။
“ဆောမြို့နယ်ကို စစ်တပ်ကပြန်ထိန်းချုပ်နိုင်သွားရင် ချင်းနဲ့ရခိုင်ကို ကုန်စည်ထိန်းချုပ်ရေးနဲ့ ဆက်သွယ်ရေးဖြတ်တောက်ပြီးသွားဖြစ်သွားပါမယ်။ မင်းတပ်၊ ကန်ပက်လက်၊ မတူပီမှာ စားနပ်ရိက္ခာတွေဖြတ်သွားနိုင်ပါတယ်။ အဲဒီမြို့တွေကိုလေကြောင်းတိုက်ထားပြီးလာမယ့်မိုးရာသီမှာ ထိုးစစ်ဆင်ပြန်သိမ်းယူဖို့ကြိုးစားလာနိုင်ပါတယ်။”လို့ ဆောမြို့မှမြေပြင်စစ်ရေးအခြေအနေကိုသိသူတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီဆောမြို့နယ်အပြင် ကျင်ဒွေးမြို့ နယ်ကိုလည်း အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်တာတွေ၊ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်တာတွေပြုလုပ်နေသလို ကျောက်ထုမြို့အခြေစိုက်အမှတ် ၃၆၈ အမြောက်တပ်ရင်းမှာလည်း စားနပ်ရိက္ခာလက်နက်ခဲယမ်းဖြည့်တင်းနေပါတယ်။
အဲဒီအပြင်ပေါက်မြို့နယ်နဲ့ဆောမြို့နယ်ကိုလည်း အာဏာသိမ်းစစ်သားအင်အားရာပေါင်များစွာဖြည့်တင်းနေတာမို့ ပေါက်၊ ဆော၊ ကျောက်ထု၊ မင်းတပ်စတဲ့နေရာတွေကို အာဏာသိမ်းစစ်တပ်ပြန်ထိန်းချုပ်စိုးမိုးဖို့အတွက် စစ်ရေးလှုပ်ရှားနေတာလို့ ဆိုကြပါတယ်။
ဒါပေမယ့် ကန်ပက်လက်၊ မင်းတပ်၊ မတူပီစတဲ့မြို့နယ်တွေကိုထိန်းချုပ်ထားတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကတော့ အင်အားအကောင်းဆုံးဖြည့်တင်းထားသလို အာဏာသိမ်းစစ်တပ်ထိုးစစ်ဆင်လာရင်လည်း အပြင်းထန်ဆုံးခုခံဖို့ အကောင်းဆုံးပြင်ဆင်ထားတယ်လို့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တာဝန်ရှိသူတွေက ဆိုကြပါတယ်။
အဲဒီဆောမြို့နယ်အခြေစိုက်လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအပါ အဝင်ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကိုလည်း အာရက္ခတပ်တော်(A A)က စစ်ရေးအကူအညီတွေအပါအဝင် မဟာမိတ်ဆက်ဆံရေးဆိုင်ရာအကူအညီတွေပေးထားပါတယ်။






