Border News Agency
ရန်ကုန်၊ မေ ၆။
Miss Grand Myanmar ပြိုင်ပွဲမှာသီလရှင်ဝတ်စုံနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်နဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြထားတယ်လို့ သာသနာရေးဝန်ကြီးဌာနက မေလ ၅ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
ဒါဟာ ဗုဒ္ဓဘာသာ သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး Model Show လျှောက်ခဲ့တဲ့အပေါ် အရေးယူဖို့ လုပ်ဆောင်လာတာပါ။
အဲဒီအရေးယူခံရမယ့်သူတွေထဲမှာ တာချီလိတ်အလှမယ် အိမွန်လွင်အပါအဝင် ပြိုင်ပွဲကျင်းပရေးနဲ့ ဆက်စပ်တဲ့ တာဝန်ရှိသူတွေ ပါဝင်ပါတယ်။
အဲဒီသီလရှင်ဝတ်စုံနဲ့ ယှဉ်ပြိုင်မှုဟာ ဘာသာရေးအရမသင့်တော်တာကြောင့် လိုအပ်သလို စိစစ်ဖော်ထုတ် အရေးယူပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းထားတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း Miss Grand Myanmar Organization က တာချီလိတ်အလှမယ် အိမွန်လွင်ကို ပြိုင်ပွဲကနေ ထုတ်ပယ်လိုက််တယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။
အစမ်းလေ့ကျင့်မှုတွေမှာ ဒီအစီအစဉ်ကို ကြိုတင်ပြသခဲ့တာမရှိသလို တာဝန်ရှိသူတွေကိုလည်း အသိပေးခဲ့တာမရှိတာကြောင့် အခုလို ထုတ်ပယ်လိုက်တာလို့ ဆိုပါတယ်။
ဒါ့အပြင် အလှမယ်ရဲ့ လုပ်ရပ်ဟာ စာချုပ်ပါစည်းကမ်းချက်တွေဖြစ်တဲ့ နိုင်ငံတော်ကို အကြည်ညိုပျက်စေတာ၊အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာနဲ့ ဘာသာရေးကို မထီမဲ့မြင်ပြုရာ ရောက်တာစတဲ့ အချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ အဖွဲ့အစည်းဘက်က ထောက်ပြထားပါတယ်။
ဒီဖြစ်စဉ်ဟာ လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ ပြင်းထန်နေပြီး၊သာသနာရေးဝန်ကြီးဌာနက အရေးယူဖို့ တင်ပြထားတဲ့အတွက် နောက်ဆက်တွဲ ဥပဒေကြောင်းအရ အရေးယူမှုတွေ ဘယ်လိုဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။






