Border News Agency
ထိုင်း၊ မေ ၇။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းမှာ စိတ်ကြွဆေးပြား နှစ်သောင်းကျော်နဲ့အတူ အမျိုးသားတဦးကို ထိုင်းအမှ
တ် ၃၅ ခြေလျင်တပ်ရင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီ တာဝန်ရှိသူတွေဟာ မယ်စလစ်လောယင်-မယ်ရမိန်း လမ်းပိုင်းမှာ ကင်းလှည့်နေစဉ် လမ်းဘေးမှာရပ်ထားတဲ့ သံသယဖြစ်ဖွယ် ဆိုင်ကယ်တစီးကို တွေ့ရှိစစ်ဆေးရာကနေ ဆေးပြားတွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဖမ်းဆီးခံရသူရဲ့ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါးတွေကို ချင်းမိုင်ခရိုင်ကနေ သယ်ဆောင်လာတာဖြစ်ပြီး မြန်မာနိုင်ငံ ဘက်ခြမ်းက လူတဦးဆီကို ပို့ဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။
ဒီလိုသယ်ဆောင်ပေးတဲ့အတွက် သူဟာ အငှားခအဖြစ် ဘတ် ၃,၀၀၀ ရရှိမှာဖြစ်ပြီး အခုအခါမှာတော့ သူ့ကို ထာ့ဆောင်ယန်းရဲစခန်းဆီ ပို့ဆောင်ကာ ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်။
ထိုင်းတာဝန်ရှိသူတွေဘက်ကတော့ ဒီမူးယစ်ဆေးဝါး ကွင်းဆက်တွေကို ဖော်ထုတ်နိုင်ဖို့ ဆက်လက်စစ်ဆေးနေပြီး နယ်စပ်တလျှောက်မှာလည်း လုံခြုံရေးနဲ့ စစ်ဆေးမှုတွေကို ပိုမိုမြှင့်တင်ထားပါတယ်။













