Border News Agency
ယူအေအီး၊မေ ၉။
ယူအေအီးနိုင်ငံကို အီရန်ဘက်က မေလ ၈ ရက်နေ့မှာ ဒုံးကျည်တွေ၊ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၃ ဦး ဒဏ်ရာရသွားတယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။
အီရန်က ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် ၂ စင်းနဲ့ဒရုန်း ၃ စင်းဟာ ယူအေအီးက အဆောက်အအုံတချို့ကို ထိမှန်ပျက်စီးစေခဲ့တာပါ။
ပြီးခဲ့တဲ့ ၂ လအတွင်းမှာ ယူအေအီးဟာ တခြားနိုင်ငံတွေထက်စာရင် အီရန်ရဲ့တိုက်ခိုက်မှုကို ပိုပြီး ခံစားနေရတာ ဖြစ်ပါတယ်။
အဲဒီအပြင် ဧပြီလ ၇ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပေမယ့် နှစ်ဖက်စလုံးက ရံဖန်ရံခါ ပြန်တိုက်နေကြပြီး အီရန်က ပင်လယ်ကွေ့နိုင်ငံတွေထဲက ပစ်မှတ်တွေကို ရွေးပြီး တိုက်ခိုက်နေတာပါ။
စစ်ပွဲစကတည်းက အီရန်ဟာ ယူအေအီးမှာရှိတဲ့ အမေရိကန်အခြေစိုက်စခန်းတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
အခုလို အခြေအနေတွေကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို သတိပေးချက်အသစ် ထုတ်ပြန်လိုက်ပါတယ်။
သမ္မတ ထရမ့်က အီရန်နဲ့ သဘောတူညီချက် မရဘူးဆိုရင် အရင်ကထက် ပိုပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်တော့မယ်လို့ ပြောပါတယ်။
ဒါပေမယ့် အီရန်ဘက်က သဘောတူမယ်ဆိုရင်တော့ Epic Furyလို့ ခေါ်တဲ့ အခြေအနေမျိုးနဲ့ အဆုံးသတ်သွားမှာဖြစ်ပြီး အားလုံးအတွက် အရေးပါတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမယ်လို့ ဆိုပါတယ်။






