Border News Agency
မလေးရှား၊မေ ၉။
မလေးရှားနိုင်ငံထဲကို တရားမဝင် အောက်လမ်းကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၉ ဦးနဲ့ သူတို့ကိုတင်ဆောင်လာတဲ့ ကားသမား ၁ဦးကို မေလ ၈ ရက်နေ့မှာ မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
အဲဒီ ဖမ်းဆီးခံရသူအားလုံးဟာ အမျိုးသားတွေဖြစ်ကြပြီး ပလတ်ဘန်း (Palekbang) နယ်မြေအတွင်းမှာ ဖမ်းမိခဲ့တာပါ။
နယ်စပ်ကနေ ခိုးဝင်လာသူတွေကို ကားနဲ့ လာကြိုတဲ့အချိန်မှာ မလေးရှားရဲတပ်ဖွဲ့က သတင်းအရ စောင့်ဆိုင်းဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းမိတဲ့သူတွေကို သက်ဆိုင်ရာအမှတ်စဉ်တွေနဲ့အတူ ဓာတ်ပုံမှတ်တမ်း တင်ထားတာကို တွေ့ရပါတယ်။
အခုဖမ်းဆီးခံရသူတွေဟာ တရားဝင် အထောက်အထား တစုံတရာ မရှိဘဲ နယ်စပ်ဖြတ်ကျော်လာကြသူတွေ ဖြစ်ပါတယ်။
အဲဒီဖမ်းဆီးမှုအတွင်း သူတို့ကို တင်ဆောင်လာတဲ့ မီးခိုးရောင် Proton Exora ကားတစီးကိုလည်း သက်သေအဖြစ် သိမ်းဆည်းခဲ့ပါတယ်။
ကားသမားဟာ မလေးရှားနိုင်ငံသားဖြစ်ပြီး သူ့ကိုတော့ လူမှောင်ခိုကူးမှု တားဆီးရေးဥပဒေနဲ့ အမှုဖွင့် အရေးယူဖို့ ပြင်ဆင်နေသလို မြန်မာနိုင်ငံသားတွေကိုလည်း လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ စစ်ဆေးနေပါတယ်။
အဲဒီဖမ်းဆီးခံရသူအားလုံးကို သက်ဆိုင်ရာ ရဲစခန်းမှာထိန်းသိမ်းထားပြီး သူတို့ဟာ ဘယ်ဒေသကနေ ဝင်လာသလဲဆိုတာကို အသေးစိတ် စစ်ဆေးမေးမြန်းတာတွေ လုပ်နေပါတယ်။
မလေးရှားအာဏာပိုင်တွေဘက်ကလည်း အခုနောက်ပိုင်း နယ်စပ်တလျှောက်မှာ တရားမဝင် ခိုးဝင်မှုတွေကို အထူးကြပ်မတ် ဖမ်းဆီးနေတာပါ။
မလေးရှားနိုင်ငံအတွင်း အလုပ်အကိုင် ရှာဖွေဖို့အတွက် အောက်လမ်းကနေ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားသူတွေဟာ အခုလိုမျိုး ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရတာကြောင့် အထူးသတိပြုကြဖို့ လိုအပ်နေပါတယ်။










