Border News Agency
အိန္ဒိယ၊မေ ၁၆။
အီရန်စစ်ပွဲနဲ့ဟောမုဇ်ရေလက်ကြား ပိတ်ဆို့မှုတွေကြောင့် အိန္ဒိယအစိုးရဟာ စက်သုံးဆီဈေးနှုန်းကို ၃ ရာခိုင်နှုန်း (တလီတာကို ၃ ရူပီးခန့်) မြှင့်တင်လိုက်ပါတယ်။
အိန္ဒိယဟာ ကမ္ဘာ့တတိယမြောက် ရေနံအများဆုံး တင်သွင်းတဲ့ နိုင်ငံဖြစ်ပြီး သုံးစွဲနေတဲ့ ရေနံ ၉၀ ရာခိုင်နှုန်းကို ပြည်ပက မှာယူနေရတာကြောင့် အခုစစ်ပွဲရဲ့ ရိုက်ခတ်မှုကို အကြီးအကျယ် ခံနေရတာပါ။
ဝန်ကြီးချုပ် မိုဒီကတော့ နိုင်ငံသားတွေအနေနဲ့ ဆီချွေတာကြဖို့နဲ့ အိမ်ကနေ အလုပ်လုပ်တာ (WFH)၊ အများသုံးသယ်ယူပို့ဆောင်ရေး သုံးတာမျိုးတွေလုပ်ပြီး မျိုးချစ်စိတ်ပြကြဖို့ တိုက်တွန်းထားပါတယ်။
ဒေလီမြို့တော်မှာဆိုရင် အစိုးရဝန်ထမ်းတွေကို တပတ်မှာ ၂ ရက် အိမ်ကနေ အလုပ်လုပ်ဖို့ သတ်မှတ်လိုက်သလို ပုဂ္ဂလိက ကုမ္ပဏီတွေကိုလည်း အလားတူလုပ်ဆောင်ဖို့ တိုက်တွန်းထားတာပါ။
တဖက်မှာလည်း အိန္ဒိယဟာ ရေနံလိုအပ်ချက်အတွက် ယူအေအီး (UAE) နဲ့ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့သလို ယူအေအီးကလည်း ဟောမုဇ်ရေလက်ကြားကို ရှောင်ကွင်းနိုင်မယ့် ရေနံပိုက်လိုင်းသစ်ကို အမြန်ဆုံး တည်ဆောက်နေပါတယ်။






