Border News Agency
မောင်တော၊မေ ၂၄။
အစ္စလာမ်ဘာသာဝင်တွေရဲ့နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကုရ်ဘာနီပွဲတော်အကြိုအဖြစ် မြောက်ဦးခရိုင်အတွင်းကမူဆလင်အကျဉ်းသားတွေ၊ စစ်သုံ့ပန်းတွေနဲ့ သုံ့ပန်းမိသားစုဝင် အပါအဝင် စုစုပေါင်း ၅၇ ဦးကို အာရက္ခတပ်တော် (AA) ကမေလ ၂၃ ရက်နေ့မှာ လွတ်ငြိမ်းခွင့်ပြုပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။
အဲဒီပြန်လည်လွတ်မြောက်လာသူတွေထဲမှာ ၂၀၂၄ ခုနှစ် တိုက်ပွဲကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့စစ်သုံ့ပန်း ၉ ဦး၊သုံ့ပန်းမိသားစုဝင် ၁၄ ဦး၊မူဆလင်အကျဉ်းသား ၁၀ ဦးနဲ့ ပြစ်မှုအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရတဲ့ အရပ်ဘက်အကျဉ်းသား ၂၄ ဦးတို့ ပါဝင်ပါတယ်။
အာရက္ခတပ်တော်အနေနဲ့လွတ်မြောက်လာသူတွေကို မိသားစုတွေထံပြန်လည်အပ်နှံပေးခဲ့တဲ့အပြင် တဦးချင်းစီကို လမ်းစရိတ်အဖြစ် ငွေကျပ် ၁ သိန်းစီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
အခုလို ပွဲတော်အကြိုကာလမှာ အကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့တဲ့အပေါ် မူဆလင်ဘာသာရေးခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေက အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ကျေးဇူးတင်စကား ပြောဆိုထားကြပါတယ်။
အာရက္ခတပ်တော် (AA) အနေနဲ့ တိုက်ပွဲကာလအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေ၊ သုံ့ပန်းမိသားစုဝင်တွေနဲ့ အကျဉ်းသား စုစုပေါင်း ၃,၀၀၀ ကျော်ကို လက်ရှိအချိန်အထိ လွတ်ငြိမ်းခွင့်ပြု ပြန်လွှတ်ပေးခဲ့ပြီးပြီလို့သိရပါတယ်။













