Border News Agency
မြောက်ဦး၊မေ ၂၈
ရခိုင်ဒေသသည် အာဏာရှင်များလက်ထက်ကာလတလျောက်လုံး မြေသိမ်းခံကျိန်စာအား ပြင်းပြင်းထန်ထန်မိထားဖူးသည်။
ထိုကျိန်စာသည် အာရက္ခတပ်တော်(AA)မှနယ်မြေအများစုအား ထိန်းချုပ်ထားသည့်အခြေအနေတရပ်အောက်တွင် တချိန်ချိန်ပြန်လည်ကုစားနိုင်လိမ့်
မည်ဖြစ်ပြီး မည်သို့ပင်ဆိုစေ ULA/AA ထိန်းချုပ်ထားသောအခြေအနေတွင် စစ်အာဏာရှင်များကဲ့သို့ မြေသိမ်းမှုများထပ်ပေါ်လာစရာမရှိနိုင်ဟု ရခိုင်ပြည် သူလူထုမျှော်လင့်ချက်ရှိခဲ့ကြသည်။
လက်ရှိတွင် စစ်အာဏာရှင်များလက်ထက် သိမ်းဆည်းခံခဲ့ရသောမြေကိစ္စများအတွက် ထင်သလောက် အကောင် အထည်မဖော်နိုင်သေးပေ။ပိုဆိုးသည်က ULA/AA သည်ပင် မြေသိမ်းရန်အစပြုလာသည့်လက္ခဏာများရှိလာနေသည်ကို တွေ့နေရခြင်းပင်။
မျှခြေပျက်သောပြဿနာ
လူတယောက်အတွက် သူပိုင်သောမြေဟူသည် သူ၏ရှင်သန်ရာ၊သူ၏အချုပ် အခြာလည်းဖြစ်သည်။
မြေသိမ်းခံရခြင်းဟူသည် လူတယော က်၊မိသားစုတခု၏ရှင်သန်မှုအားသတ် ဖြတ်လိုက်ခြင်းလည်းဖြစ်သည်။
သို့ဖြစ်၍ မြေသိမ်းမှုအား ချဉ်းကပ်ရာတွင် လူမှုရေးဆိုင်ရာတရားမျှတမှု (Social Justice)ဘက်မှ ပိုချဉ်းကပ်ပေးရသည်။အများကောင်းကျိုးအတွက် တယောက်သောသူဘက်က ပျက်စီးခြင်းငါးပါးတိုင်ရမည့်ကိစ္စမျိုးက ယနေ့ခေတ်ကမ္ဘာတွင် မကျင့်သုံးကြတော့ပေ။
စစ်ပွဲကာလ၊တော်လှန်ရေးကာလအတွ င်း ရခိုင်ပြည်သူလူထုတွင် အလိုလိုပင် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီပျောက် ဆုံးနေပြီးသားဖြစ်သည်။
လူမှုရေးတရားမျှတမှု(Social Justice) ကို ဦးစားပေးသည့်စီမံအုပ်ချုပ်ရေးဖြစ်စဉ်တွင် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီရှိနေလျှင်တောင်မှလုံလောက်ခြင်းမရှိနိုင်ပေ။
အကယ်၍ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီပျောက်ဆုံးနေသောအခြေအနေတွင်မြေသိမ်းမှုများ၌ လူမှုရေးဆိုင်ရာတ ရားမျှတမှု(Social Justice)ဟူသည် အိ ပ်မက်မျှပင်မက်ခွင့်မရတတ်ပေ။
မြေသိမ်းမှုများနှင့်ရခိုင်ပြည်သူလူထုဆန္ဒ
စစ်အာဏာရှင်များ သိမ်းယူခဲ့သောမြေများကို မူလပိုင်ရှင် သို့မဟုတ် မူလအကျိုးကို ခံစားခွင့်ရသူများထံ ပြန်ရောက်သည်ကို ရခိုင်ပြည်သူလူထုက မြင်လိုကြသည်။
လက်ရှိအနေအထားအရ ထိုသို့အကော င်အထည်မဖော်ပေးနိုင်လျှင်တောင် စစ်အာဏာရှင်များ လက်ထက်ကရခဲ့သော ဒဏ်ရာများအပေါ် ULA/AA ဘက်မှနှစ်သိမ့်မျက်ရည်သုတ်ပေးမှုကို ရခိုင်ပြည် သူလူထုမြင်လိုကြသည်။
အချို့နေရာဒေသများတွင် မြေသိမ်းခံရသောတိုင်စာများက ဖုန်တက်နေပြီဖြစ်သည်။မျက်ရည်ကမခြောက်သေး ယခုကထပ်ငိုရမည့်ကိန်းမျိုးကို ဆိုက်လာနေသည်။
ဒဏ်ရာဟောင်းကို ပြန်ကြည့်ခြင်း
စစ်အာဏာရှင်များလက်ထက် မြေသိ မ်းမှုတွင် ပြည်သူလူထုအတွက် အခါးသီးဆုံးဖြစ်ရသောအချက်များမှာ မြေယာ၏ကာလတန်ကြေးအား မျက်ကွယ်ပြုမှုနှင့်မြေသိမ်းခံရသောသူအား ပြန်လည်ဘဝရပ်တည်ရန် ကူညီထောက်ပံ့မှုများမရှိခဲ့၍ဖြစ်သည်။
ဒဏ်ရာအသစ်အပေါ် ကိုင်တွယ်မှု
လက်ရှိတွင် ရခိုင်ဒေသ၌ဆုံးဖြတ်ချက် ချမှတ်နိုင်သူများအချို့တွင်လူ့အခွင့်အရေးနှင့်ဒီမိုကရေစီကို ခါးသီးနေသူများရှိသည်။
ထိုသို့ခါးသီးနေသူများအတွက် အမေရိကန်၊ဗြိတိန်တို့မှစနစ်များက အဆင်ပြေမည်မဟုတ်သော်လည်းလူ့အခွင့်အရေးနှင့်ဒီမိုကရေစီကို ဂရုမစိုက်သည့် ရုရှားနှင့်တရုတ်တို့ ကျင့်သုံးနေသော မြေသိမ်းပုံစနစ်များက အတုယူရန် အဆင်ပြေနိုင်မည်ဟု ယူဆရသည်။
ရုရှားတွင် မည်သို့မြေသိမ်းသနည်း
ရုရှားဖက်ဒရေးရှင်းနိုင်ငံမြေယာဥပဒေ (Land Code)-ပုဒ်မ ၅၆.၈အရ ဈေးကွ က်ပေါက်ဈေး(Market Value)အတိုင်း လျှော်ကြေးပေးရသည်။
ထိုပုဒ်မထဲတွင်မြေသိမ်းသောအခါပေးရမည့်လျှော်ကြေးငွေ(Compensation) ကို ဈေးကွက်ပေါက်ဈေးအပေါ် အခြေ ခံပြီး တွက်ချက်ရမည့်နည်းလမ်းများကို ဖော်ပြထားသည်။
- သိမ်းယူမည့်မြေကွက်၏လက်ရှိပေါက်ဈေး။
- အဆိုပါမြေပေါ်မှာ ဆောက်လုပ်ထားသည့်အဆောက်အအုံ၊အိမ်ရာ သို့မဟုတ် အဆောက်အအုံအစိတ်အပိုင်းများ၏လက်ရှိဈေးကွက်ပေါက်ဈေး။
- ဆုံးရှုံးနစ်နာမှုများ(Damages & Losses)အတွက် ကာမိစေခြင်း။
မြေယာတန်ဖိုးတင်မကဘဲ မြေသိမ်းခံရမှုကြောင့် ပိုင်ရှင်တွင် ဖြစ်ပေါ်လာသော တခြားနစ်နာမှုများကို ထည့်သွင်းတွက် ချက်ပေးရသည်။
- တခြားနေရာကို ပြောင်းရွှေ့ဖို့အတွက် ကုန်ကျစရိတ်။
- အခွင့်အလမ်းဆုံးရှုံးမှု(Lost Profit)- ဥပမာ-သိမ်းယူလိုက်သောမြေမှာစီးပွားရေးလုပ်ငန်းလုပ်နေသောမြေဖြစ်လျှင် ထိုမြေရှိလုပ်ငန်းရပ်ဆိုင်းသွား၍ဆုံးရှုံးသွားမည့် အကျိုးအမြတ်များကိုပါ တွ က်ချက်ပေးရသည်။
- စာချုပ်ဖျက်သိမ်းရမှုနစ်နာကြေး: တ တိယလူနှင့်ချုပ်ဆိုထားသော စာချုပ်ကို ဖျက်သိမ်းလိုက်ရ၍ ပေးလျော်ရတဲ့ နစ်နာကြေးများ။
ဥပမာ-သိမ်းခံရသည့်မြေအား ရောင်းမည် သို့မဟုတ် ငှားမည်ဟု စာချုပ်ချုပ် ထားပါက မရောင်းဖြစ်၊မငှားဖြစ်သည့်အတွက် စာချုပ်အားချိုးဖျက်သူဘက်မှ ပြန်လျှော်ရမည့်ငွေကြေးကိုပါ ထည့်သွင်းတွက်ချက်ပေးရသည်။
အခြားနည်းလမ်းများ
- ပိုင်ရှင်က ငွေကြေးအလိုက်ဖြင့် မဟု တ်ဘဲ မြေယာချင်း အစားထိုးလဲလှယ်ခြင်းစနစ်ကို လက်ခံ၍လည်းရသည်။
မြေပိုင်ရှင်များသဘောတူပါက အစိုးရသိမ်းယူသောမြေတန်ဖိုးနှင့်တူညီသော၊ တန်ဖိုးချင်းမျှသောတခြားမြေကွက် သို့မဟုတ် အိမ်ရာကို အစားထိုးပေး၍လ ည်းရသည်။
တန်ဖိုးချင်းမတူသောမြေကို လက်ခံပါက ကွာဟငွေကြေးကို အပြန်အလှန် ထပ်မံပေးချေရသည်။
ရုရှား၏မြေသိမ်းမှုတွင် လုပ်ထုံးလုပ် န ည်းနှင့်အချိန်ကာလသတ်မှတ်ချက်များရှိသည်။
မြေသိမ်းရန်ဆုံးဖြတ်ချက်ချပြီးကြောင်း မြေပိုင်ရှင်ထံ အနည်းဆုံးတနှစ် ကြိုတင်စာဖြင့်တရားဝင် အကြောင်းကြားရသည်။
(ပိုင်ရှင်သဘောတူလျှင်တနှစ်မပြည့်ခင် လျှော်ကြေးယူပြီး ဖယ်ပေး၍ရသည်။)
အစိုးရနှင့်မြေပိုင်ရှင်ကြားတွင် လျှော်ကြေးနှုန်းထား၊ပေးချေမည့်ပုံစံများကို သဘောတူညီချက်စာချုပ်ချုပ်ဆိုရသည်။
အစိုးရက ပေးသောလျှော်ကြေးနှုန်း ထားအား မြေပိုင်ရှင်က မကျေနပ်၍ သ ဘောတူညီချက်စာချုပ်အား လက်မှတ်မထိုးပါက
အစိုးရက မြေသိမ်းဆုံးဖြတ်ချက်ချပြီးသုံးလအတွင်း တရားရုံးကို ဦးတိုက်လျှောက်ထားရသည်။
ရုရှားတရားရုံးမှ လွတ်လပ်အမှီအခိုကင်းသောအိမ်ခြံမြေအကဲဖြတ်ပညာရှင် (Independent Appraiser)များကို ခန့်အပ်ပြီး ကာလပေါက်ဈေးကို ပြန်လည်တွက်ချက်စေကာ အဆုံးအဖြတ်ပေးသည်။
တရားရုံးကသတ်မှတ်သော တန်ဖိုးအ တိုင်း အစိုးရက လျှော်ကြေးပေးသည်။
ရုရှားကဲ့သို့ ဒီမိုကရေစီနှင့်လူ့အခွင့်အ ရေးအားဂရုမစိုက်သော နိုင်ငံတွင် မြေသိမ်းလျှင် ဥပဒေအရ ပိုင်ရှင်နစ်နာမှုမရှိစေရန်ကာလပေါက်ဈေး+နစ်နာကြေးအပြည့်အဝရရှိရန် စနစ်တကျကာကွယ်ပေးထားသော လုပ်ထုံးလုပ်နည်းများရှိနေသည်။
တရုတ်တွင် မြေမည်သို့ သိမ်းသနည်း
တရုတ်သည်လည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအား ဂရုမစိုက်သူဖြစ်သည်။ တရုတ်တွင် ရုရှားနှင့်မတူသည်က”မြေ ယာကို ပုဂ္ဂလိကပိုင်ဆိုင်ခွင့်မရှိခြင်း” ပင်ဖြစ်သည်။
ထိုအချက်က ရုရှားထက်ပင် ဆိုးသေးသည်။တရုတ်ဥပဒေအရ မြေအားလုံးကို နိုင်ငံတော်(သို့မဟုတ်)ကျေးလက်လူထုစုပေါင်းအဖွဲ့အစည်း(Rural Collectives)က ပိုင်ဆိုင်ကာ လူထုမှာ “မြေအသုံးချပိုင်ခွင့်(Land Use Rights)”ကိုသာ ရရှိသည်။
ထို့ကြောင့် တရုတ်တွင် မြေသိမ်းခြင်းဟူသည် မြေပိုင်ဆိုင်မှုအား သိမ်းခြင်းမဟုတ်ဘဲ မြေအသုံးချခွင့်အား ပြန်လည်ရုပ်သိမ်းခြင်းဖြစ်သည်။
တရုတ်နိုင်ငံတွင် မြေယာစီမံခန့်ခွဲမှုဥပဒေ(Land Administration Law)အား ၂၀၁၉ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့သ ည်။
ထိုဥပဒေပုဒ်မ ၄၈ အရ…
- ကျေးလက်မြေယာသိမ်းယူခြင်း (Rural Land Requisition)တွင် စိုက် ပျိုးရေးမြေများအား မြို့ပြစီမံကိန်း သို့ မဟုတ် အခြေခံအဆောက်အအုံ(လမ်း ၊တံတား၊ရထားလမ်း)ဆောက်လုပ်ရန်အတွက် သိမ်းသောအခါ လျှော်ကြေးအား အပိုင်းလေးပိုင်းခွဲ၍ တွက်ချက်ပေးထားသည်။
၁ – မြေယာလျှော်ကြေး(Land Compensation)တန်ဖိုးအားပေးခြင်း။
မြေကို အသုံးပြုခွင့်ဆုံးရှုံးသွားသည့်အတွက်ပေးခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် အ ဆိုပါမြေ၏လွန်ခဲ့သောသုံးနှစ်တာ ပျမ်း မျှနှစ်စဉ်အထွက်နှုန်းတန်ဖိုး၏ခြောက်ဆမှဆယ်ဆထိတွက်ချက်ပေးသည်။
၂-ပြန်လည်နေရာချထားရေးထောက်ပံ့ကြေး(Resettlement Subsidy)တန်ဖိုးအားပေးခြင်း။
မြေသိမ်းခံရ၍အလုပ်အကိုင်ပြောင်းရသောလယ်သမားများအတွက်အထွက်နှုန်းတန်ဖိုး၏လေးဆမှခြောက်ဆထိပေးသည်။
၃ – သီးနှံနှင့်အဆောက်အအုံလျှော်ကြေး (Compensation for Attachments & Young Crops)တန်ဖိုးအားပေးခြင်း။
မြေပေါ် စိုက်ပျိုးထားဆဲသီးနှံ၊ရေတွင်း၊ကုန်းပတ်၊ကန်းသင်း၊တာရိုး၊အဆောက်အအုံငယ်များအတွက်ကာလပေါက်ဈေးအတိုင်းသီးသန့်တွက်၍ပေးသည် ။
၄ – လူမှုဖူလုံရေးစနစ်(Social Security) အတွက် တန်ဖိုးအားပေးခြင်း။
မြေယာလုံးဝဆုံးရှုံးသွားသော လယ်သမားများအတွက် နောက်ပိုင်းတွင် အသက်မွေးဝမ်းကျောင်းခက်ခဲမသွားစေရန် ဒေသန္တရအစိုးရက လူမှုဖူလုံရေးရံပုံငွေ (ပင်စင်စနစ်)ထဲတွင် ထိုလယ်သမားအား ထည့်သွင်းပေးရသည်။
ဆိုလိုချင်သည်က တရုတ်တွင် မြေသိမ်းခံရသည်က ပျော်စရာကောင်းလှသည်။လျှော်ကြေးအားထိုကဲ့သို့ လေးမျိုးလေးစားဖြင့် တွက်ပေးထားသည်။
၂၀၂၁ ခုနှစ်၊တရုတ်ပြည်သူ့သမ္မတနိုင်ငံတရားမဥပဒေ(Civil Code)၏ပုဒ်မ ၂ ၄၃တွင်(မြေသိမ်းယူခြင်းနှင့်လျော်ကြေးပေးမှုအကာအကွယ်)များကို ပြဋ္ဌာန်းထားသည်။
ထိုပုဒ်မအရ တရုတ်အစိုးရ အာဏာပိုင်များသည် အများပြည်သူအကျိုးစီးပွားအတွက် သမဝါယမပိုင်မြေများနှင့်နေ အိမ်များကို သိမ်းယူနိုင်သော်လည်း ဥပ ဒေအရ ပြဋ္ဌာန်းထားသောလုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါက ထိုအာဏာပိုင်အားအရေးယူမည်ကို ဖော်ပြထားသည်။
ဤသည်ကား လူအခွင့်အရေးနှင့်ဒီမိုကရေစီကို ဂရုမစိုက်သည့် တရုတ်တို့၏ မြေသိမ်းသောအခါ လျော်ကြေးပေးပုံ အချို့တဝက်ဖြစ်သည်။
တရုတ်တို့၏မြေသိမ်းမှုအား ဆက်လက်ဖော်ပြပါမည်။
ကိုးကား…
ရုရှား…
တရုတ်…






