Border News Agency
အမေရိကန်၊ဇွန် ၈။
အမေရိကန်-အစ္စရေး ညွန့်ပေါင်းအဖွဲ့နဲ့ အီရန်တို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ရက်ပေါင်း ၁၀၀ ပြည့်မြောက်လာခဲ့ပြီး ဒီစစ်ပွဲကြောင့် အမေရိကန်ပြည်သူတွေဟာ ဓာတ်ဆီနဲ့ စားသောက်ကုန် ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အပြင်းအထန် ရင်ဆိုင်နေရတယ်လို့ အယ်လ်ဂျာဇီးယား သတင်းအရ သိရပါတယ်။
စီးပွားရေးသုတေသနအဖွဲ့တခုဖြစ်တဲ့ မိုဒီအန်နာလစ်တစ် (Moody’s Analytics) ရဲ့ တွက်ချက်မှုအရ စစ်ပွဲကြောင့်အမေရိကန်အိမ်ထောင်စုတစ်ခုဟာ ပျှမ်းမျှ ကုန်ကျစရိတ် ဒေါ်လာ ၇၅၀ ကျော် ပိုမိုကုန်ကျလာပြီး အဲဒီအထဲက ဒေါ်လာ ၄၄၀ ကျော်က စွမ်းအင်စရိတ်တွေ ဖြစ်ပါတယ်။
စစ်ပွဲစတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ဓာတ်ဆီတစ်ဂါလန်ကို ပျှမ်းမျှ ၂ ဒသမ ၉၈ ဒေါ်လာပဲ ရှိခဲ့ပေမယ့် အခုအခါမှာတော့ ၄ ဒသမ ၂၂ ဒေါ်လာအထိ ထိုးတက်သွားခဲ့တာပါ။
ဒါဟာ အီရန်ဘက်က ဒေသတွင်း စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပြန်လည်တိုက်ခိုက်တာနဲ့ ကမ္ဘာ့ရေနံတင်ပို့မှု ငါးပုံတပုံရှိတဲ့ ဟော်မုဇ်ရေလက်ကြား သွားလာရေးကို ကန့်သတ်ပိတ်ဆို့လိုက်တာကြောင့် ဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ငွေကြေးဖောင်းပွမှုဟာလည်း ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။
အဲဒီ စွမ်းအင်ဈေးနှုန်း မြင့်တက်မှုကြောင့် လေကြောင်းလိုင်းအချို့ ပျံသန်းမှု ရပ်နားရတာ၊လက်မှတ်ခတွေ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရတာတွေအပြင် အိမ်ခြံမြေချေးငွေ အတိုးနှုန်းတွေလည်း လိုက်ပါမြင့်တက်လာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လယ်ယာစိုက်ပျိုးရေးအတွက် လိုအပ်တဲ့ မြေသြဇာဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်လာနိုင်တာကြောင့် လာမယ့် ဆောင်းဦးရာသီမှာ အသားနဲ့ဟင်းသီးဟင်းရွက် အပါအဝင် စားသောက်ကုန်ဈေးနှုန်းတွေ ပိုပြီးကြီးမြင့်လာဖို့ ရှိနေပါတယ်။
လတ်တလော စစ်တမ်းတွေအရ အမေရိကန်ပြည်သူ ၆၆ ရာခိုင်နှုန်းက ဒီစစ်ပွဲအပေါ် သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ကိုင်တွယ်ပုံကို သဘောမကျကြဘဲ စစ်ပွဲဟာ မှားယွင်းချက်တခုလို့ မြင်နေကြပေမယ့် ပင်တဂွန်စစ်ဌာနချုပ်ကတော့ စစ်ဆင်ရေးတွေအတွက် ဘတ်ဂျက်ငွေ ဒေါ်လာဘီလီယံချီ ထပ်မံတောင်းခံထားတယ်လို့ သိရပါတယ်။







