Border News Agency
ထိုင်း၊ ဇွန် ၁၃။
ထိုင်းနိုင်ငံ၊ ပထုံထာနီနဲ့ ချွန်ဘူရီခရိုင်တွေမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို ထိုင်းအာဏာပိုင်တွေက ဇွန်လ ၁၁ ရက်နေ့မှာ ရှောင်တခင်ဝင်ရောက်စီးနင်းခဲ့လို့ တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၅၅ ဦး အပါအဝင် စုစုပေါင်း ၁၄၇ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ပထုံထာနီခရိုင်၊ ခလောင်လွန်းမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာနိုင်ငံသား ၃၄ ဦး အပါအဝင် ၁၂၂ ဦးကိုဖမ်းဆီးခဲ့ပြီး ချွန်ဘူရီခရိုင်၊ ဘန်းဘုန်းမြို့နယ်က လုပ်ငန်းခွင်မှာတော့ မြန်မာနိုင်ငံသား ၂၁ ဦး အပါအဝင် ၂၅ ဦးကို ဖမ်းမိခဲ့တာပါ။
အဲဒီလုပ်ငန်းခွင်တွေမှာ တရားမဝင်နိုင်ငံခြားသားတွေကို ခိုင်းစေနေတယ်ဆိုတဲ့ ဒေသခံတွေရဲ့တိုင်ကြားချက်အရ အခုလိုစီးနင်းခဲ့တာဖြစ်ပြီး အထူးသဖြင့် ချွန်ဘူရီခရိုင်က လုပ်ငန်းခွင်ဟာ မေလအတွင်းကဆောက်လုပ်ရေးပြိုကျမှုကြောင့် မြန်မာအလုပ်သမားတဦး သေဆုံးခဲ့ပြီးနောက် အလုပ်ရှင်ကအမှုကိုဖုံးဖိထားဖို့ ကြိုးစားခဲ့တာကြောင့် အာဏာပိုင်တွေက အထူးစစ်ဆေးခဲ့တာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေကို အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲအလုပ်လုပ်ကိုင်မှုနဲ့ အမှုဖွင့်ထားပြီး ဥပဒေအရအရေးယူကာ နိုင်ငံအသီးသီးကို ပြန်လည်ပို့ဆောင်ဖို့ လူဝင်မှုကြီးကြပ်ရေးစခန်းတွေဆီ လွှဲပြောင်းထားပါတယ်။
ချွန်ဘူရီက လုပ်ငန်းခွင်မှာတော့ တရားမဝင်အလုပ်သမားတွေကို ငှားရမ်းထားတဲ့အလုပ်ရှင်တွေကိုပါ အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။



















