Border News Agency
မကွေး၊ဇွန် ၂၀။
စစ်အာဏာရှင်စနစ် ဖယ်ရှားရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေကို ပံ့ပိုးကူညီပေးဖို့ ဦးကျော်မိုးထွန်းက နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ဇွန်လ ၁၇ ရက်က ပြုလုပ်တဲ့ ၂၀၂၆ ခုနှစ်၊ စီးပွားရေးနဲ့လူမှုရေးကောင်စီ လူသားချင်းစာနာမှုရေးရာကဏ္ဍ အစည်းအဝေးမှာ သူကခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ပိတ်ပင်လက်နက်သဖွယ် အသုံးချမှုတွေကြောင့် မြန်မာနိုင်ငံဟာ အဆိုးရွားဆုံး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသလို လူသားချင်းစာနာမှုဆိုင်ရာ ထိတွေ့မှုတွေကိုလည်း သူတို့တရားဝင်မှုရရှိဖို့အတွက် အခွင့်ကောင်းယူနေတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မဟာမိတ်အင်အားစုတွေဟာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)’ ကတဆင့် မြေပြင်မှာ အရေးပေါ်ကူညီမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အကူအညီပေးရေးမှာ ယုံကြည်ရတဲ့ မိတ်ဖက်မဖြစ်နိုင်တာကြောင့် မြန်မာ့ပဋိပက္ခရဲ့ အရင်းခံအကြောင်းရင်းကို ဖြေရှင်းဖို့နဲ့ ပြည်သူတွေရဲ့ ကြိုးပမ်းမှုကို ဝိုင်းဝန်းကူညီကြဖို့လည်းတိုက်တွန်းထားပါတယ်။










