Border News Agency
ကျင်ဒွေး၊ ဇွန် ၂၃။
ချင်းပြည်၊ ကျင်ဒွေးရှိစစ်ရှောင်စခန်းကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတဦးအပါအဝင် ငါးဦးသေဆုံးသွားတယ်လို့ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရီးအဖွဲ့က ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီကျင်ဒွေးရှိစစ်ရှောင်စခန်းကို ဇွန်လ ၁၉ ရက်၊ ည ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က အာဏာသိမ်းစစ်တပ်ဟာတိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုတိုက်ခဲ့တာကြောင့် ကလေးတဦးအပါအဝင် အရပ်သားငါးဦးသေဆုံးခဲ့သလို ဆယ်ဦးဒဏ်ရာရသွားခဲ့ပြီး နေအိမ်အများအပြားလည်းပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၂၁ ရက်နေ့ကလည်း မင်းတပ်မြို့နယ်ကိုလေကြောင်းမှ ဗုံးအလုံးရေ ၆၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ကန်ပက်လက်မြို့နယ်အနီးတဝိုက်ကို ဇွန်လ ၂၀ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်ရဲ့တန်းထားဦးလေတပ်မှ တိုက်လေယာဥ်လေးစီး နဲ့ဗုံးအလုံးဆယ်လုံးကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကလည်း ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်ဟာလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့လို့ အရပ်သား ကိုးဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကန်ပက်လက်မြို့ကို စစ်ကြောင်းထိုးနေပြီး အရပ်သားတွေကိုလေကြောင်းမှပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးပြီး လေကြောင်းအန္တရာယ်ရှိလာရင် ဗုံးခိုကျင်းတွေမှာ နေထိုင်ကြဖို့ အသိပေးထားပါတယ်။










