Border News Agency
စစ်ကိုင်း၊ဇွန် ၂၅။
စစ်ကိုင်းတိုင်းထဲက စစ်မြေပြင်တွေမှာ မေလနဲ့ ဇွန်လ နှစ်လတာအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ၃၃ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဇွန်လ ၂၄ ရက်၊မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီ မုံရွာ – ယာကြီး – ကလေးဝလမ်းပေါ်မှာ အင်အား ၂၀၀ ပါ စစ်ကြောင်းကို ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၆ ဦး သေဆုံးခဲ့သလို မေလ ၁၉ ရက်ကလည်း မြင်းမူမြို့နယ်၊အလ္လကပ္ပရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ချောင်းဦးမြို့နယ်၊မှန်ချိုရွာကနေ ဆင်မြေရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က ၂၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲကနေ စစ်သုံ့ပန်း ၂ ဦးနဲ့အတူ လက်နက်မျိုးစုံ ၁၆ လက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဇွန်လ ၅ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ မြင်းမူနဲ့ စစ်ကိုင်းမြို့နယ်တွေအတွင်း ကင်းပုန်းတွေနဲ့ စစ်ယာဉ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ဇွန်လ ၁၈ ရက်ကလည်း ဘုတလင်မြို့နယ်ထဲမှာ အင်အား ၂၅၀ ပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
















