Border News Agency
ဘန်ကောက်၊ ဇူလိုင် ၁၆။
ဘန်ကောက်၊ဘန်ခဲခရိုင်မှာရှိတဲ့ အငှားအခန်းတခုမှာ စိတ်ကြွဆေးပြားတွေ၊အိုက်စ်နဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ကိရိယာတွေနဲ့အတူ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် မြန်မာနိုင်ငံသား ကိုချစ်ကိုကိုကို နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက ဇူလိုင်လ ၁၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
အဲဒီအခန်းထဲမှာ ဆယ်ကျော်သက်တွေ စုဝေးပြီး မူးယစ်ဆေးဝါး သုံးစွဲနေတာကြောင့် ပတ်ဝန်းကျင်က တခြားနေထိုင်သူတွေကို နှောင့်ယှက်မှု ဖြစ်စေတယ်ဆိုတဲ့ တိုင်ကြားချက်အရ ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးရာကနေ အခုလို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေကို မြင်တဲ့အချိန်မှာ သံသယရှိသူက မူးယစ်ဆေးဝါးထုပ်ကို ရေချိုးခန်း အိမ်သာခွက်ထဲ မျှောချပြီး သက်သေဖျက်ဆီးဖို့ ကြိုးစားခဲ့ပေမယ့် ရဲတပ်ဖွဲ့က အချိန်မီတားဆီးပြီး ဆေးဝါးတွေကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်ါ
အဲဒီမူးယစ်ဆေးဝါးတွေဟာ သူ့ရဲ့ ပိုင်ဆိုင်မှု ဖြစ်တယ်လို့ ကိုချစ်ကိုကိုက ဝန်ခံခဲ့ပါတယ်။ သူက ဖေ့စ်ဘွတ်ခ်ကနေတဆင့်မစ္စတာရဲဆိုသူဆီကနေ စိတ်ကြွဆေးပြား အလုံးနှစ်ရာပါတဲ့ အထုပ်တထုပ်ကို ဘတ်သုံးထောင့်ငါးရာ နဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဆေးပြားတွေကိုဆယ်ပြားတထုပ်၊ အပြားငါးဆယ်တထုပ် ပြန်ခွဲထုတ်ပြီး ဝယ်သူတွေရဲ့ အော်ဒါအလိုက် ပြန်လည်ရောင်းချကာ အမြတ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဝင်ငွေကောင်းပြီး ပိုက်ဆံရှာရ လွယ်ကူတာကြောင့် အဲဒီလို လုပ်ကိုင်နေတာနှစ်လခန့် ရှိပြီလို့လည်း ဝန်ခံပြောဆိုထားပါတယ်။
သူ့ရဲ့ အခန်းထဲမှာ တွေ့ရတဲ့ မူးယစ်ဆေးဝါး သုံးစွဲတဲ့ ကိရိယာအများအပြားဟာ ဆေးဝါးလာရောက် ဝယ်ယူတဲ့ဆယ်ကျော်သက် ဖောက်သည်တွေအတွက် စီစဉ်ပေးထားတာ ဖြစ်ပြီး သူကိုယ်တိုင်လည်း ဖောက်သည်တွေနဲ့အတူ မူးယစ်ဆေးဝါး အတူတူ သုံးစွဲလေ့ ရှိပါတယ်။
ရဲတပ်ဖွဲ့ကသူ့ကို ဆေးရုံမှာ ဆီးစစ်ခဲ့ရာမှာ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း အဖြေထွက်ခဲ့တာကြောင့် တရားမဝင်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု၊ သုံးစွဲမှုတွေနဲ့ အမှုဖွင့် အရေးယူထားတယ်သိရပါတယ်။












