Border News Agency
ထိုင်း၊ ဇူလိုင် ၂၀။
ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီခရိုင်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားလေးဆယ်ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့သလို မြန်မာဘက်ကို ခိုးထုတ်မယ့် ဒီဇယ်ဆီတွေနဲ့ မှောင်ခိုစီးကရက်တွေကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
အဲဲဒီစံခလဘူရီမြို့နယ်၊ နောင်လူကျေးရွာအုပ်စုရှိ တောစပ်အနီးပုန်းခိုနေစဉ် ဇူလိုင်လ ၁၈ ရက်၊ ညပိုင်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေဟာ ထိုင်းတောင်ပိုင်း ချွန်ဖုန်းခရိုင်အပါအဝင် အခြားဒေသတွေဆီ သွားရောက်အလုပ်လုပ်ဖို့အတွက် ပွဲစားတွေကို ဘတ်သုံးသောင်းစီပေးခဲ့ရတယ်လို့ ဝန်ခံထွက်ဆိုကြပါတယ်။
အဲဒီအပြင် အဲဒီနေ့ နေ့လည်ပိုင်းမှာ ဘုရားသုံးဆူဘက်ကို မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစီးပေါ်ကနေ မြန်မာနိုင်ငံဘက် ခိုးထုတ်ဖို့ပြင်ထားတဲ့ ဒီဇယ်ဆီ လီတာတထောင်ခြောက်ရာကို သိမ်းဆည်းရမိခဲ့သလို ယာဉ်မောင်းဖြစ်သူကတော့ ယာဉ်ကိုစွန့်ပစ်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
နောက်ပြီးစိုင်ယို့မြို့နယ်ရှိ စစ်ဆေးရေးဂိတ်မှာလည်း သံသယရှိယာဉ်နှစ်စီးကို စစ်ဆေးရာကနေ ထိုင်းနိုင်ငံသားနှစ်ဦး သယ်ဆောင်လာတဲ့ Krongthip 90 အမှတ်တံဆိပ် မှောင်ခိုစီးကရက် ဗူးပေါင်းတသိန်းငါးသောင်းခန့်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား လေးဆယ်ဦးကို တရားမဝင် ဝင်ရောက်မှုနဲ့ အမှုဖွင့်ထားပြီး သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိသူတွေကို သက်ဆိုင်ရာ ရဲစခန်းတွေသို့ လွှဲပြောင်းကာ ထွက်ပြေးသွားသူတွေကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။













