Border News Agency
အိန္ဒိယ၊ဇူလိုင် ၂၃။
အိန္ဒိယမှာစာမေးပွဲ မသမာမှုတွေမှာ ပါဝင်သူတွေကိုပြင်းပြင်းထန်ထန်အပြစ်ပေးသွားမယ်လို့ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက ဇူလိုင်လ ၂၃ ရက်နေ့မှာ ကတိပြုလိုက်ပါတယ်။
ဒါဟာအစိုးရကို စိန်ခေါ်နေတဲ့ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး မိုဒီရဲ့ ပထမဆုံး တိုက်ရိုက် မှတ်ချက်ပြုပြောဆိုမှု ဖြစ်ပါတယ်။
ဇူလိုင်လ ၂၂ ရက်နေ့က နယူးဒေလီမှာ Cockroach Janta Party (CJP) လှုပ်ရှားမှု ဦးဆောင်သူဆန္ဒပြသူ သောင်းပေါင်းများစွာနဲ့ ရဲတပ်ဖွဲ့တို့အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီးနောက် ယခုလို ထွက်ပေါ်လာတာပါ။
မိုဒီက လူငယ်တွေရဲ့ အနာဂတ်ဟာ အရေးကြီးဆုံးဖြစ်လို့ ပါဝင်သူတွေကို အထူးတရားရုံးတွေနဲ့ မြန်မြန်ဆန်ဆန် အပြစ်ပေးသွားမှာဖြစ်ပြီး ခွင့်လွှတ် သက်ညှာမှာ မဟုတ်ဘူးလို့ X ကနေ ပြောဆိုထားပါတယ်။
ကျောင်းသား အများစုပါဝင်တဲ့ ဆန္ဒပြသူတွေဟာ မေးခွန်း ပေါက်ကြားမှုတွေကြောင့် ပညာရေးဝန်ကြီး နုတ်ထွက်ဖို့ တောင်းဆိုနေကြတာပါ။
ဇူလိုင်လ ၂၀ ရက်နေ့က လွှတ်တော်သို့ ချီတက်စဉ် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ နံပါတ်တုတ်တွေ သုံးပြီး ဖြိုခွင်းခဲ့တာကြောင့် ငါးနှစ်တာအတွင်း အကြီးမားဆုံး အဓိကရုဏ်း ဖြစ်လာခဲ့ကာ ၁၇၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီ CJP လှုပ်ရှားမှုဟာ တရားသူကြီးချုပ်က လူငယ်တွေကို ပိုးဟပ်တွေလို့တင်စားပြောဆိုခဲ့တာကို သရော်ပြီး မေလမှာ စတင်ခဲ့တာပါ။
လက်ရှိမှာတော့ စာမေးပွဲ မသမာမှုအပြင် အလုပ်လက်မဲ့ ပြဿနာနဲ့ မိုဒီရဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုပုံစံတွေကိုပါ ပိုမိုကျယ်ပြန့်စွာ ကန့်ကွက် ဆန္ဒပြနေကြပါတယ်။
အိန္ဒိယမှာ ဆေးတက္ကသိုလ်ဝင်ခွင့် မေးခွန်း ပေါက်ကြားမှုကြောင့် လူ ၂ သန်းကျော် စာမေးပွဲ ပြန်ဖြေခဲ့ရသလို အွန်လိုင်းအမှတ်ပေးစနစ် အငြင်းပွားမှုတွေလည်း ဖြစ်ပေါ်ခဲ့တာပါ။
ဒီဆန္ဒပြပွဲတွေဟာ တတိယအကြိမ် ပြန်လည်ရွေးချယ်ခံရပြီးနောက်ပိုင်း မိုဒီအစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှုတခု ဖြစ်လာနေပါတယ်။







