Border News Agency
ဧရာဝတီ၊ သြဂုတ် ၅။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် ဩဂုတ်လ ၄ ရက်နေ့ညထိ ကောက်ယူရရှိထားတဲ့စာရင်းတွေအရ ရေဘေးသင့်သူဦးရေ သုံးသောင်းနှစ်ထောင်ကျော်ရှိလာတယ်လို့ အာဏာသိမ်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးကပြောပါတယ်။
အဲဒီလေးမျက်နှာမြို့ပေါ် ရပ်ကွက် ငါးရပ်ကွက်နဲ့ ကျေးရွာတရာ့ခြောက်ရွာမှာ အိမ်ခြေခုနှစ်ထောင်ခုနှစ်ရာသုံးဆယ့်လေးလုံးနဲ့ အိမ်ထောင်စုခုနှစ်ထောင်ရှစ်ရာငါးဆယ့်ရှစ်စုရေဘေးသင့်ခဲ့ပြီး စုစုပေါင်းလူဦးရေ သုံးသောင်းနှစ်ထောင်ခြောက်ရာခုနှစ်ဦး ရေဘေးဒဏ်ခံနေရတာပါ။
အဲဒီရေဘေးသင့်ပြည်သူတွေအတွက် ဆန်ရိက္ခာနဲ့အခြေခံစားသောက်ကုန်တွေထောက်ပံ့ပေးနေသလို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့
အာဏာသိမ်းစစ်တပ်က ဆိုကြပါတယ်။
အဲဒီအပြင် ရေစီးကျော်ဝင်မှုကိုတားဆီးဖို့ ပန်းတာရဲ့လက်ယာနဲ့ လက်ဝဲဘက်တွေမှာ တုတ်တန်းရိုက်တာ၊ ရေထုစီးနှုန်းနဲ့ ရေအနက်တိုင်းတာစောင့်ကြည့်တာတွေကိုလုပ်နေပြီး ကယ်ဆယ်ရေးအဖွဲ့တွေအတွက်လည်း ဓာတ်ဆီတထောင်ရှစ်ရာရှစ် ဂါလန်နဲ့ဒီဇယ်ဆီ လေးရာနှစ်ဒသမငါးဂါလန် အခမဲ့ဖြန့်ဝေပေးထားတယ်လို့ ဆိုပါတယ်။
နောက်ပြီး ဆက်သွယ်ရေးကွန်ရက်မပြတ်တောက်စေဖို့ မြန်မာ့ဆက်သွယ်ရေးရွေ့လျားမိုဘိုင်းကားတွေအပါအဝင် အရေးပေါ် ကွန်ရက်ချိတ်ဆက်မှုတွေ လုပ်ပေးထားတယ်လို့ ဆိုပါတယ်။
အဲဒီငဝန်မြစ်ရဲ့ လေးမျက်နှာမြို့ရေအမှတ်ဟာ သြဂုတ်လ ၄ ရက်နေ့ညမှာ နှစ်ဒသမလေးလက်မခွဲခန့် ပြန်လျော့ကျသွားပြီလို့ ဆိုပါတယ်။







