Border News Agency
ထိုင်း၊ ဩဂုတ် ၁၄။
ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်၊စံခလဘူရီမြို့နယ်၊နောင်လူကျေးရွာအုပ်စုမှာ တရားမဝင်လာတဲ့မြန်မာနိုင်ငံသား ငါးဆယ့်သုံးဦးကို ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောင်လူကျေးရွာအုပ်စုမှာ ဩဂုတ်လ ၁၃ ရက်၊ညသန်းခေါင်အချိန်က ရဲတပ်ဖွဲ့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ကင်းလှည့်နေချိန် တောအုပ်အတွင်း အုပ်စုလိုက်ထိုင်နေကြတဲ့ မြန်မာလုပ်သားတွေကိုဖမ်းဆီးခဲ့တာပါ။
အဲဒီမြန်မာနိုင်ငံသားငါးဆယ့်သုံးဦးဟာ နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာကြသူတွေဖြစ်ပြီး နိုင်ငံကူးလက်မှတ်နဲ့ အထောက်အထား စာရွက်စာတမ်းပြသနိုင်တာမရှိဘူးလို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ သက်ဆိုင်ရာရဲစခန်းထံ လွှဲပြောင်းထားပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လ ၇ ရက်နေ့ကလည်း ကန်ချနဘူရီခရိုင်၊ထောင်းဖာဖူးမြို့နယ်နဲ့ စံခလဘူရီမြို့နယ်တို့မှာ တရက်အတွင်း တရားမဝင် ဝင်လာတဲ့မြန်မာလုပ်သားငါးဆယ့်ခုနှစ်ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။








