Border News Agency
စစ်တွေ၊ ဩဂုတ် ၁၇။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိသွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ်လ ၁၇ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
မုန်တိုင်းငယ်ရဲ့ရွေ့လျားမှုလမ်းကြောင်းဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်တဲ့အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့်သတ်မှတ်ထားပေမယ့် နောက် ၂၄ နာရီအတွင်းအိန္ဒိယနိုင်ငံ၊အနောက်ဘင်္ဂလားနဲ့ ဂျက်ခမ်းပြည်နယ်ကို ဖြတ်ကျော်နိုင်ပါတယ်။
အဲဒီမုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းမှာ မိုးသက်လေပြင်းတွေကျရောက်ပြီး လေတိုက်နှုန်းတနာရီကို ၃၅ မိုင်အထိတိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေခန့်အထိရှိနိုင်ပါတယ်။
အဲဒီအပြင် မိုးသည်းထန်စွာရွာသွန်းတာ၊ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသနဲ့မြစ်၊ချောင်းအနီးနေထိုင်သူတွေအနေနဲ့ အန္တရာယ်ကိုသတိပြုဖို့နှိုးဆော်ထားပါတယ်။
နောက်ပြီးပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ ရခိုင်၊မြစ်ဝကျွန်းပေါ် ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်၊သင်္ဘောတွေအနေနဲ့လည်း မိုးဇလရဲ့သတိပေးချက်အတိုင်း ကြိုတင်သတိပြုသွားလာကြဖို့ အသိပေးထားပါတယ်။










