Border News Agency
ချင်းမိုင်၊ ဩဂုတ် ၁၉။
ထိုင်းနိုင်ငံ၊ချင်းမိုင်ခရိုင်၊ဖန်းမြို့နယ်မှာ တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားနှစ်ဦးကို ဩဂုတ်လ ၁၈ ရက်နေ့မှာအရေးယူခဲ့တယ်လို့ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ပါတယ်။
အဲဒီဖန်းမြို့နယ်၊ဝိန်းဧရိယာအတွင်းရှိ ဆိုင်တွေကိုစစ်ဆေးခဲ့ရာ အလုပ်လုပ်ခွင့်ကတ်မှာ ကျပန်းအလုပ်သမားလို့ဖော်ပြထားပေမယ့် ဆိုင်မှာပြောင်းရွှေ့အလုပ်လုပ်နေတာငါးလခန့်ရှိတဲ့ မြန်မာလုပ်သားနှစ်ဦးကိုတွေ့ရှိခဲ့တာပါ။
သူတို့ဟာ အလုပ်စတင်ပြီးငါးရက်အတွင်း အလုပ်ရှင်၊လုပ်ကိုင်တဲ့နေရာနဲ့အလုပ်အမျိုးအစားပြောင်းလဲမှုကို တာဝန်ရှိသူတွေဆီအကြောင်းကြားထားတာမရှိတဲ့အတွက် ဖန်းမြို့နယ် ရဲစခန်းမှာဥပဒေအရအရေးယူထားပါတယ်။
အဲဒီအပြင် ဩဂုတ်လ ၁၀ ရက်နေ့က ချင်းမိုင်မြို့မှာဈေးရောင်းနေတဲ့မြန်မာအမျိုးသမီးတဦးနဲ့ ဩဂုတ်လ ၁၄ ရက်နေ့က ချန်းဖွန့်ရပ်ကွက်ရှိဆိုင်တခုမှာ အလုပ်လုပ်နေတဲ့မြန်မာအမျိုးသမီးတဦးကိုလည်းအရေးယူခဲ့ပါတယ်။













