Border News Agency
ပလက်ဝ၊ ဩဂုတ် ၂၄။
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ စိမ်းညင်းဝကျေးရွာကိုဩဂုတ်လ၂၄ ရက်၊နေ့လည်ပိုင်းမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေ အပါအဝင်အရပ်သားငါးဦးသေဆုံးပြီး ဆယ့်ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီစိမ်းညင်းဝကျေးရွာကို နေ့လည် ၁၁ နာရီကျော်အချိန်မှာ အာဏာသိမ်းစစ်တပ်ကပေါင် ၅၀၀ ဗုံး၊ပေါင် ၃၀၀ ဗုံး၊ရော့ကတ်သီးတွေနဲ့ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း ဓမ္မာရုံအဆောင်၊ရွာအလယ်နဲ့ ရွာအဆုံးသို့ ဗုံးသီးတွေကျရောက်ပေါက်ကွဲခဲ့ပါတယ်။
အဲဒါကြောင့် အသက် ၇၁ နှစ်အရွယ် ဒေါ်သန္တာဖြူ၊ အသက် ၁၀ နှစ်အရွယ် မောင်မြတ်ကျော်နိုင်၊အသက် ၄၆ နှစ်အရွယ်ဒေါ်ခိုင်ခိုင်စိုး၊အသက် ၃၆ နှစ်အရွယ် ဒေါ်မသန်းဝင်းနဲ့ အသက် ၁ နှစ်အရွယ် မောင်ထက်မြတ်ကျော်တို့သေဆုံးခဲ့ရတာပါ။
အဲဲဒီအပြင် အသက် ၇ နှစ်မှ ၁၃ နှစ်အရွယ် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၁၇ ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဒဏ်ရာရသူတွေဟာ ဒဏ်ရာပြင်းထန်တာကြောင့် အရေးပေါ် ဆေးကုသမှုခံယူနေရပါတယ်။
အဲဒီအပြင်လူနေအိမ် ၁၉ ဆောင်၊ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံနဲ့ ဆွမ်းစားဆောင်လည်း ပျက်စီးသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကို လေကြောင်းမှနေ့စဉ်ရက်ဆက်တိုက်ခိုက်နေလို့ အရပ်သားထိခိုက်သေဆုံးမှုနဲ့ နေအိမ်ပျက်စီးမှုတွေတရက်ထက်တရက် ပိုမိုမြင့်တက်လာနေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်တာတွေပိုလုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းအန္တရာယ်ကို သတိထားကြဖို့ အာရက္ခတပ်တော်ကထပ်ပြီးအသိပေးထားပါတယ်။









































