Border News Agency
နီပေါ၊ စက်တင်ဘာ ၇။
နီပေါနိုင်ငံနဲ့တရုတ်နိုင်ငံ တိဘက်ဒေသမှာ ဩဂုတ်လကုန်ပိုင်းကဖြစ်ပွားခဲ့တဲ့ရေဘေးကြောင့် လူပေါင်းတထောင့်သုံးရာကျော်သေဆုံးခဲ့ပြီးနောက် ငွေဒေါ်လာသန်းငါးဆယ်ကူညီပေးဖို့ ကုလသမဂ္ဂက နိုင်ငံတကာအသိုက်အဝန်းဆီ စက်တင်ဘာလ ၆ ရက်နေ့မှာ တောင်းခံလိုက်ပါတယ်။
အဲဒီနီပေါမှာ ပြီးခဲ့တဲ့ဩဂုတ်လ ၂၆ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် တောင်ပေါ်ဒေသတွေရှိလမ်းတံတားတွေနဲ့ ရေအားလျှပ်စစ်ဒမ်တွေပျက်စီးခဲ့ရသလို လူပေါင်းငါးထောင်ငါးရာထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
အဲဒီပျောက်ဆုံးနေသူတွေထဲမှာခရီးသွားတွေနဲ့ ဘုရားဖူးတွေပါဝင်ပြီး အနည်းဆုံးနိုင်ငံပေါင်းသုံးဆယ်လေးနိုင်ငံမှ နိုင်ငံခြားသားရှစ်ရာထက်မနည်းပါဝင်နေပါတယ်။
ကုလသမဂ္ဂရဲ့ နီပေါနိုင်ငံဆိုင်ရာ တာဝန်ရှိသူ Lila Pieters Yahia က ဒုက္ခသည်ရှစ်သောင်းလေးထောင်ကျော်အတွက် အရေးပေါ် အကူအညီတွေလိုအပ်နေပြီး ဝမ်းရောဂါကူးစက်မှုတွေနဲ့ သန့်ရှင်းရေး စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတယ်လို့သတိပေးထားပါတယ်။
ကျွမ်းကျင်သူတွေရဲ့လေ့လာချက်အရ ကမ္ဘာ့အပူချိန်မြင့်တက်လာမှုကြောင့် ရေခဲတောင်တွေပြိုကျကာ အခုလိုရေကြီးရေလျှံမှုတွေပိုမိုဖြစ်ပွားလာရတာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။
















