Border News Agency
ထိုင်း၊ စက်တင်ဘာ ၇။
ထိုင်းနိုင်ငံမြောက်ပိုင်း၊မယ်ဟောင်ဆောင်ခရိုင်မှာ စက်တင်ဘာလ ၆ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် တောင်ကျရေလျှံမှုတွေဖြစ်ပွားပြီး မြို့တွင်းနဲ့ မြို့ပြင်ရှိကျေးရွာအများအပြား ရေနစ်မြုပ်ခဲ့ပါတယ်။
တောင်ကျရေစီးကြောင်းကြောင့် မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ဟွေးဆူအေးတောင်းနဲ့ ကရင်ကယန်း ရိုးရာကျေးရွာအပါအဝင်အရင်က ရေကြီးဖူးတဲ့နေရာတွေမှာ သန်းခေါင်ယံအချိန်ကတည်းက ရေကြီးရေလျှံမှုတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင်မယ်ဟောင်ဆောင်ကနေ မယ်ဟောင်ဆောင်-ဟွေးဖိန်းနယ်စပ် ကုန်သွယ်ရေးဂိတ်ကို သွားတဲ့လမ်းမကြီးမှာလည်း တောင်ကျရေနဲ့ ရွှံ့နွံတွေကြောင့် ဖြတ်သန်းသွားလာလို့မရတော့ဘဲ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့နေပါတယ်။
အဲဒီလိုရေကြီးရေလျှံမှုကြောင့် လမ်းမတွေ၊ နေအိမ်တွေနဲ့ ပစ္စည်းဥစ္စာတွေ ထိခိုက်ပျက်စီးခဲ့ရပြီးဒေသခံတွေမှာ ရုတ်တရက်တောင်ကျရေဝင်ရောက်လာတာကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရပါတယ်။
အဲဒီမယ်ဟောင်ဆောင်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေလျှံတက်လာတာကြောင့် နေအိမ်တွေနဲ့လမ်းမတွေပေါ်မှာ ရွှံ့နွံနဲ့ကျောက်ခဲတွေ ဖုံးလွှမ်းပျက်စီးခဲ့တာဖြစ်ပါတယ်။


















