Border News Agency
မလေးရှား၊ စက်တင်ဘာ ၁၀။
မလေးရှားနိုင်ငံ၊ ကဒါးပြည်နယ်၊ ကွာလာမူဒခရိုင်ကို စက်တင်ဘာလ ၉ ရက်နေ့က OPSMAHIR စစ်ဆင်ရေးနဲ့ဝင်ရောက်စစ်ဆေးရာတရားဝင် အထောက်အထားမရှိတဲ့ မြန်မာဆယ့်လေးဦးအပါအဝင် နိုင်ငံခြားသားသုံးဆယ့်ငါးဦးဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီကဒါးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (JIM) မှ တပ်ဖွဲ့ဝင်နှစ်ဆယ့်ကိုးဦးဟာ ဂုရွန်နဲ့ဘီဒေါင်းဒေသရှိ လုပ်ငန်းခွင်နှစ်ခုကိုဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း လူပေါင်းရှစ်ဆယ်ခန့်ကိုစစ်ဆေးခဲ့ရာ တရားဝင်ခွင့်ပြုချက်မရှိတာနဲ့ သက်တမ်းကျော်လွန်နေထိုင်တာတွေကြောင့် မြန်မာဆယ့်လေး ဦး၊ ဘင်္ဂလားဒေ့ရှ်ကိုးဦး၊ အင်ဒိုနီးရှားကိုးဦး၊ နီပေါနှစ်ဦးနဲ့ ပါကစ္စတန်တဦးကိုဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရတဲ့ အသက်ဆယ့်ရှစ်နှစ်မှငါးဆယ့်နှစ်နှစ်ကြားရှိ နိုင်ငံခြားသားသုံးဆယ့်ငါးဦးကိုဆက်လက် အရေးယူနိုင်ဖို့ဆစ်ခ်မြို့ရှိဘီလန်တစ်လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားပါတယ်။
ကဒါးပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနက အထောက်အထားမဲ့နိုင်ငံခြားသားတွေကိုလက်ခံထားသူတွေနဲ့ အလုပ်ခန့်ထားတဲ့အလုပ်ရှင်တွေကိုလည်း ပြင်းထန်စွာ အရေးယူသွားမယ်လို့သတိပေးထားပါတယ်။

















