Border News Agency
မောင်တော၊စက်တင်ဘာ ၁၀ ။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ တရားစီရင်ရေးနဲ့လုံခြုံရေးယန္တရားတွေစနစ်တကျ လည်ပတ်အားကောင်းနေပေမယ့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေဖြစ်တဲ့ ပညာရေးနဲ့ကျန်းမာရေးတွေမှာ လိုအပ်ချက်တွေရှိနေတယ်လို့ ISP-Myanmar ရဲ့ သုတေသနအချက်အလက်တွေကဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝဒေသနဲ့အာရက္ခဒေသရဲ့ ကိုးဆယ့်နှစ်ဒသမခြောက်ရာခိုင်နှုန်းကိုထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဖွဲ့စည်းကာ ခရိုင်အလိုက်အုပ်ချုပ်ရေး၊လုံခြုံရေး၊တရားစီရင်ရေးနဲ့အခွန်ကောက်ခံမှုလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့စတင်အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
မြောက်ဦး၊မောင်တော၊ စစ်တွေ၊ ပလက်ဝ၊ မင်းပြားနဲ့ ကျောက်ဖြူစတဲ့ ခရိုင်တွေအလိုက် လေ့လာဆန်းစစ်ချက်တွေအရ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားရုံးတွေနဲ့ရဲတပ်ဖွဲ့စနစ်တွေမှာအဆင့် ၄ မှ ၅ အထိ အတော်အတန်အားကောင်းစွာလည်ပတ်နေတယ်လို့ဆိုပါတယ်။
ဒါပေမယ့် ဒေသခံတွေအတွက် အဓိကလိုအပ်တဲ့ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာအဆင့် ၂ မှ ၃ သာရှိပြီး လိုအပ်ချက်တွေကြုံတွေ့နေရတာလို့ဆိုပါတယ်။
အထူးသဖြင့်တိုက်ပွဲတွေကြောင့် စာသင်ကျောင်းတွေနဲ့ဆေးရုံ၊ဆေးခန်း အဆောက်အအုံတွေပျက်စီးခဲ့ရတာ၊ဆေးဝါးနဲ့ စာသင်ထောက်ကူပစ္စည်းတွေပြတ်လပ်တာ ဆရာ၊ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းအင်အားလုံလောက်မှုမရှိတာတွေကြောင့် ဒေသခံပြည်သူတွေအတွက် ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ဖို့ ခက်ခဲနေတာလို့ဆိုပါတယ်။
အဲဒီအပြင်အာဏာသိမ်းစစ်တပ်ရဲ့ လမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် ပြည်မဘက်မှဆေးဝါးနဲ့ကျောင်းသုံး ပစ္စည်းတွေအဝင်နည်းနေပေမယ့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မိမိတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားအောက်မှအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းကာ လိုအပ်ချက်တွေကို နည်းလမ်းမျိုးစုံနဲ့ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။







