Border News Agency
မီဇိုရမ်၊စက်တင်ဘာ ၁၇။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊ဆိုင်းဟားခရိုင်၊ ခိုင်ခီရွာဆိပ်ကမ်းမှာ စက်တင်ဘာလ ၁၄ ရက်က ဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုဖြစ်ရပ်ကို ပြေလည်အောင်ဖြေရှင်းကာ ဖြစ်စဥ်မှာပါဝင်သူတွေကို အရေးယူထားတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ခိုင်ခီရွာစက်လှေကြီးကြပ်ရေးကော်မတီရုံးမှာ ပလက်ဝဘက်သို့ ကုန်ပို့မယ့်စက်လှေတွေအလှည့်ကျစီစဉ်ပေးရာမှာ ရခိုင်ဘက်မှစက်လှေမောင်းသူကိုဇော်နိုင်လင်းနဲ့ MTP လူငယ်အသင်းတာဝန်ရှိသူကြား အလှည့်ကျစနစ်နဲ့ပတ်သက်ပြီး စကားအခြေအတင်ဖြစ်ရာမှ မလိုလားအပ်တဲ့ရုန်းရင်းဆန်ခတ်မှု စတင်ဖြစ်ပွားခဲ့တာပါ။
အဲဒီဖြစ်စဉ်ကြောင့် မကျေနပ်တဲ့ကိုဇော်နိုင်လင်းက သူငယ်ချင်းသုံးဆယ်ခန့်ခေါ်ဆောင်ကာ MTP ရုံးကိုသွားရောက်ဖျက်ဆီးပြီး မီးရှို့ဖို့ကြိုးပမ်းခဲ့တဲ့အတွက် MTP လူငယ်တွေကလည်း ပလက်ဝဘက်အခြမ်းရှိ ဈေးဆိုင်တန်းတွေကို ပြန်ဖျက်ဆီးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီသောက်စားမူးယစ်မှုမှတဆင့် အရပ်သားလူငယ်အချင်းချင်း အုပ်စုလိုက်ရန်ဖြစ်ကြတဲ့ သာမန်ဖြစ်စဉ်သာဖြစ်ပြီး နှစ်ဖက်တာဝန်ရှိသူတွေတွေ့ဆုံဖြေရှင်းထားသလို မှားယွင်းသူတွေကလည်း တောင်းပန်ထားကြပါတယ်။
အဲဒီဖြစ်စဉ်မှာ အဓိကဦးဆောင်ပါဝင်ခဲ့သူ ကိုဇော်နိုင်လင်းအပါအဝင် လူငယ်အချို့ကို ULA ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးဌာနက ဖမ်းဆီး ထိန်းသိမ်းထားပြီး ဥပဒေအတိုင်းဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အဲဒီဒေသမှာ အခြေအနေတွေပြန်လည်တည်ငြိမ်နေပြီဖြစ်ပေမယ့် တချို့သတင်းမီဒီယာတွေနဲ့ အဖွဲ့အစည်းတွေကသာမန်ဖြစ်စဉ်ကို လူမျိုးရေးပြဿနာဖြစ်အောင် ပုံကြီးချဲ့ ရေးသားနေကြတယ်လို့ ခိုင်သုခကထောက်ပြထားပါတယ်။
စက်လှေမောင်းသူတွေထဲမှာ ရခိုင်၊ ခမီ နဲ့ မြိုအပါအဝင် ဒေသခံလူမျိုးပေါင်းစုံပါဝင်ပြီး သတင်းအမှန်ကိုမဖော်ပြဘဲ နှစ်ဖက်အခြေအနေပိုမိုဆိုးရွားအောင် သွေးထိုးလှုံ့ဆော်နေမှုတွေကို မယုံကြည်ကြဖို့လည်း တိုက်တွန်းထားပါတယ်။







