Border News Agency
ထိုင်း၊ စက်တင်ဘာ ၁၇။
ထိုင်းနိုင်ငံ၊မယ်ဟောင်ဆောင်ခရိုင်၊ခွန်ယုမ်းမြို့နယ်မှာ ငွေသားဘတ်သုံးသန်းသယ်လာတဲ့ မြန်မာသုံးဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ စက်တင်ဘာလ ၁၇ရက်၊ဒီနေ့ ထိုင်းစစ်တပ်ကထုတ်ပြန်ပါတယ်။
ခွန်ယုမ်းမြို့နယ်၊မယ်ငေါ့ကျေးရွာ၊ဝှေ့ထုံနွန်နယ်စပ်ဂိတ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့က မြန်မာဘက်မှာခဲမဖြူတွေသွားဝယ်ဖို့အတွက် ဘတ်သုံးသန်းသယ်လာတဲ့ မြန်မာနိုင်ငံသားသုံးဦးနဲ့ထိုင်းနိုင်ငံသားတဦးကို အမှတ် ၃၆ တပ်ရင်းအဖွဲ့က ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
သူတို့လေးဦးကို ထိုင်းနယ်စပ်ကနေမြန်မာဘက်ခြမ်းကို ဘတ်သုံးသန်းသယ်ဆောင်ဖို့ကြိုးစားမှုနဲ့ အကောက်ခွန်ဥပဒေအရအရေးယူထားပြီး ပရာထူးမြောင်းရဲစခန်းကိုပို့ဆောင်ထားပါတယ်။
သက်သေခံပစ္စည်းဖြစ်တဲ့ ကားနဲ့ငွေသားတွေကို ဥပဒေအရဆက်လက်ဆောင်ရွက်ဖို့ မယ်ဟောင်ဆောင်ခရိုင် အကောက်ခွန်ဂိတ်ကို လွှဲပြောင်းပေးထားပါတယ်။










