Border News Agency
ချမ်ဖိုင်း၊ စက်တင်ဘာ ၂၃။
အိန္ဒိယ-မြန်မာနယ်စပ်မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင်းခရိုင်မှာ မြန်မာနိုင်ငံဘက်ကတရားမဝင်တင်သွင်းလာတဲ့ ဒေသကာလတန်ဖိုး အိန္ဒိယရူပီရှစ်ဆယ့်လေးသိန်းခန့်တန်ဖိုးရှိ နိုင်ငံခြားဖြစ် စီးကရက်အများအပြားကို မော်တော်ယာဉ်တစီး၊ အမျိုးသားတဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ ချမ်ဖိုင်းခရိုင် လီဂယ်မက်ထရိုလိုဂျီဌာနတို့ပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ သတင်းအရ စက်တင်ဘာလ ၂၂ ရက်၊မနေ့ကသွားရောက်စစ်ဆေးခဲ့တာပါ။
အဲဒီစစ်ဆေးမှုအတွင်း ချမ်ဖိုင်းခရိုင်၊ မွန်မဲလ်ထာကျေးရွာအနီးမှာ မသင်္ကာဖွယ်ပစ်ကပ်ကုန်တင်မော်တော်ယာဉ်တစီးကို ရပ်တန့်ရှာဖွေခဲ့တာဖြစ်ပါတယ်။
အဲဒီလိုရှာဖွေရာမှာ ယာဉ်ပေါ်မှာသယ်ဆောင်လာတဲ့ ဗီ-စီးကရက် စီးကရက် ဖာသုံးဆယ် နဲ့ ဖားစတား ကင်းဆိုက် ငါးဖာ၊စုစုပေါင်းကာလတန်ဖိုး အိန္ဒိယရူပီး ရှစ်ဆယ့်လေးသိန်းခန့်ကို သယ်ဆောင်လာသူတဦးနဲ့အတူ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီသိမ်းဆည်းရမိခဲ့တဲ့ သက်သေခံစီးကရက်တွေ၊ မော်တော်ယာဉ်နဲ့ဖမ်းဆီးရမိသူကို ဥပဒေနဲ့အညီ ဆက်လက်အရေးယူနိုင်ဖို့အတွက် ချမ်ဖိုင်းမြို့နယ်လီဂယ်မက်ထရိုလိုဂျီဌာနသို့ လွှဲပြောင်းအပ်နှံထားတယ်လို့ဆိုပါတယ်။










