Border News Agency
မီဇိုရမ်၊စက်တင်ဘာ ၂၅။
အာရက္ခဒေသနဲ့မာရာဒေသကြား ခေတ္တပိတ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို စက်တင်ဘာလ ၂၄ ရက်၊ ညနေ ၄ နာရီအချိန်ကစပြီး ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီလို့ မာရာလူငယ်အဖွဲ့အစည်း (MTP) ဗဟိုဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
အဲဒီမာရာဒေသနဲ့အာရက္ခဒေသကြား Khaikhy ၊ Lômasu နဲ့ Lôdaw ကျေးရွာတွေရှိ ကုန်သွယ်ရေးလမ်းကြောင်းတွေကို စက်တင်ဘာလ၁၆ ရက်နေ့ကစတင်ကာ ခေတ္တပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် MTP ဗဟိုဌာနချုပ် အလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရ ကုန်သွယ်ရေးလမ်းကြောင်းတွေကိုပြန်လည်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။
လမ်းကြောင်းတွေပြန်မဖွင့်မီ အဲဒီနေ့ မနက် ၆ နာရီခွဲအချိန်ကမီဇိုရမ်ပြည်နယ်၊ ဆိုင်ဟာမြို့ရှိ MTP ဌာနချုပ်မှာ MTP ဥက္ကဋ္ဌ Pu S. Vabeihasaဦးဆောင်တဲ့ အဖွဲ့နဲ့ ULA/AA ဘက်မှနယ်စပ်ဆက်ဆံရေးအရာရှိ Pu Chonai ၊ခရိုင်အုပ်ချုပ်ရေးမှူး Pu Nan Zing တို့ ဦးဆောင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲမှာစက်တင်ဘာလ ၁၄ ရက်နေ့က ခိုင်ခီကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်းပြောကြားခဲ့ကြသလို ရခိုင်နဲ့မာရာနှစ်မျိုးနွယ်စုကြားချစ်ကြည်ရေး၊ နားလည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။







