Border News Agency
ပုဏ္ဏားကျွန်း၊စက်တင်ဘာ ၂၈။
အာရက္ခတပ်တော် (AA)ထိန်းချုပ်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာလလ ၁ ရက်နေ့မှဒီနေ့ထိ နေ့စဥ်လေကြောင်းတိုက်ခိုက်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊ပေါက်တော၊အမ်း၊ဂွ၊သံတွဲ စတဲ့မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်နေတာပါ။
အဲဒီလိုလေကြောင်းတိုက်ခိုက်နေတာကြောင့် ပြည်သူခြောက်ဦးသေဆုံးခဲ့ပြီး ဆယ့်ငါးဦးဒဏ်ရာရသွားခဲ့တယ်လို့ စက်တင်ဘာလ ၂၇ ရက်၊မနေ့က အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဥ်လိုလိုပြုလုပ်နေတာမို့ ဒေသခံပြည်သူတွေ စိုးရိမ်နေကြရတယ်လို့ ဆိုကြပါတယ်။
”စစ်တပ်က ခုရက်ပိုင်းပိုပြီးလေကြောင်းကင်းထောက်တယ်။ ပြီးရင် အုပ်စုလိုက်လာတယ်။ ကြဲတယ်။ ညဉ့်နက်သန်း ခေါင်ကြီးတွေမှာပိုကြီးအဲလိုလုပ်တယ်။ကျမတို့ ပြည်သူတွေက ဘယ်အချိန်ဗုံးကျမလဲဆိုတာမသိရတော့ ညဆိုလည်းအိပ်လို့မရကြဘူး။”လို့ ပုဏ္ဏားကျွန်းမြို့ နယ်မှ အာရက္ခပြည်သူတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်နေသလို လက်နက်ကြီးတွေ၊အသေခံဒရုန်းတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်နေပါတယ်။
အဲဒီလိုပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လူနေအိမ်တွေအပါအဝင် စာသင်ကျောင်းတွေ၊ဆေးရုံ၊ဘုန်းကြီးကျောင်းတွေနဲ့ သမိုင်းဝင်ဘုရားပုထိုးတွေလည်းပျက် စီးခဲ့ပါတယ်။
အဲဒီအထဲမှာ ပင်လယ်ကမ်းစပ်အနီးနေရာတွေဟာ ကြည်း၊ရေ၊လေ ပူးပေါင်းပစ်ခတ်တာတွေကို ပိုခံနေကြရတယ်လို့ဒေသခံတွေက ဆိုကြပါတယ်။
”ကျိန္တလီကိုသူတို့ ဒီရက်ပိုင်းအတွင်း လေကြောင်းကင်းထောက်ပြီးဗုံးကြဲတာ။ပြီးတော့ သံတွဲကိုဆိုရင်လည်း လေကြောင်းရယ်နေဗီတွေကရယ်ပစ်တာ။ ညဖက်တွေဆို အိပ်လို့တောင်မရဘူး။အမြဲသတိနဲ့နေရတယ်။”လို့ စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကိုပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် ဒေသခံပြည်သူတွေမှာ စိုးရိမ်ထိတ်လန့်နေရပြီး ပုံမှန်လူနေမှုဘဝတွေရပ်တန့်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးအရှုံးကြောင့် အရပ်သားတွေကို ရွယ်ရည်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့လေကြောင်းအန္တရာယ်အထူးသတိပြုကြဖို့ အာရက္ခတပ်တော်ကသတိပေးနှိုးဆော်ထားပါတယ်။









