Border News Agency
အိန္ဒိယ၊အောက်တိုဘာ ၁။
အာဏာသိမ်းစစ်တပ်နဲ့ပူးပေါင်းပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်နေတဲ့ ကသည်းခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့ PREPAK (PRO)ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိ ခေါင်းဆောင်တဦးကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းဆီးခံရသူဟာ အသက်ငါးဆယ့်ခြောက်နှစ်အရွယ် Moirangthem Boboy Singh (ခေါ်) Laingam ဆိုသူဖြစ်ပြီး စက်တင်ဘာလ ၃၀ရက်နေ့က မဏိပူရပြည်နယ်၊ ကမ်ဂျွန်ခရိုင်ကနေတဆင့် မြန်မာနိုင်ငံဘက်ကိုဝင်ရောက်ဖို့ ကြိုးပမ်းစဉ်မှာဖမ်းမိခဲ့တာဖြစ်ပါတယ်။
သူ့ကိုနယ်စပ်စစ်ဆေးရေးဂိတ်မှာ ပိတ်ဆို့စစ်ဆေးရာကနေဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကသည်းလူငယ်တဆယ့်လေးဦးကို အတင်းအဓမ္မတပ်သားသစ်စုဆောင်းကာ မြန်မာနိုင်ငံဘက်ကိုပို့ဆောင်ခဲ့တဲ့ဖြစ်စဉ်မှာလည်း တိုက်ရိုက်ပါဝင်ပတ်သက်နေသူဖြစ်ပါတယ်။
အဲဒီမဏိပူရခွဲထွက်ရေး ကသည်းလက်နက်ကိုင်တွေဟာ စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းက ကျွန်းပင်သာ၊ မင်းသာ၊ ဟဲဇင်း၊ ပန်းသာ စတဲ့ ကျေးရွာတွေနဲ့ တမူးမြို့ပေါ်မှာ အခြေစိုက်တပ်စွဲထားကြတာဖြစ်ပါတယ်။
အဲဒီကသည်းလက်နက်ကိုင်အဖွဲ့တွေဟာ အာဏာသိမ်းစစ်တပ်နဲ့ပူးပေါင်းပြီး နယ်စပ်တလျှောက်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို အဓိကထား စစ်ဆင်တိုက်ခိုက်နေကြပါတယ်။










