Border News Agency
မကွေး၊ အောက်တိုဘာ ၄။
မကွေးတိုင်း၊သရက်ခရိုင်၊မင်းတုန်းမြို့နယ်မှာ အထိုင်ချထားတဲ့အာဏာသိမ်းစစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်ကခုနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ပါတယ်။
မင်းတုန်းမြို့နယ်၊ကြိုးဝကျေးရွာမှာ ပြီးခဲ့တဲ့သြဂုတ်လ ၃၁ ရက်နေ့ကနေ အောက်တိုဘာ ၃ ရက်နေ့အထိတလကျော်ကြာ တပ်စွဲထားတဲ့ အင်အားတရာ့ငါးဆယ် ခန့်ပါ စစ်တပ်စစ်ကြောင်းကို သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်တပ်စစ်ကြောင်းဟာ တိုက်ခိုက်ခံရမှုတွေကြောင့် ကြိုးဝကျေးရွာကနေ ပြန်လည်ဆုတ်ခွာချိန် အောက်တိုဘာလ ၃ ရက်၊မနက် ၅ နာရီ ၅၅ မိနစ်အချိန်ခန့်မှာ ကာကွယ်ရေးတပ်ဖွဲ့က အသင့်စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ကြိုးဝကျေးရွာမှာ တပ်စွဲထားတဲ့တလကျော်ကာလအတွင်း ထိတွေ့တိုက်ပွဲနှစ်ကြိမ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုဆယ့်တကြိမ်ဖြစ်ပွားခဲ့ပြီး၊ အဲဒီတိုက်ပွဲတွေအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တဦးကျဆုံးခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မင်းတုန်းမြို့နယ်အတွင်း တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေသို့ အင်အားဖြည့်တင်းကာ စစ်ကြောင်းတွေဆက်လက်ဖြန့်ကျက်လှုပ်ရှားနေတာကြောင့် ဒေသခံတွေသတိထားကြဖို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက အသိပေးထားပါတယ်။












