Border News Agency
နေပြည်တော်၊အောက်တိုဘာ ၁၂။
အာဏာသိမ်းစစ်တပ်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို အစားထိုးခန့်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက အောက်တိုဘာလ ၁၂ ရက်၊ဒီနေ့ အစည်းအဝေးမှာ အမည်စာရင်းဖတ်ကြားခဲ့ပါတယ်။
အဲဒီအမည်စာရင်းမှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ် ဒေါက်တာကိုကိုလွင်ကိုခန့်အပ်ဖို့ပါ အဆိုပြုထားပါတယ်။
အဲဒီနှစ်ဦးနဲ့ပတ်သက်လို့ အတည်ပြုတာ ဒါမှမဟုတ် ကန့်ကွက်တာတွေကိုတော့ လာမယ့်အစည်းအဝေးမှာ ဆက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဦးအောင်လင်းဒွေးက ပြောပါတယ်။
အဲဒီကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးထွန်းအောင်က တာဝန်ယူနေတာဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကတော့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားခိုင်မြဲရေးအတွက် ဝန်ကြီးဌာနအပြောင်းအလဲတွေနဲ့ စစ်ဘက်အရာရှိတွေကို ရာထူးနေရာအပြောင်းအလဲတွေ လုပ်နေတာဖြစ်ပါတယ်။






