Border News Agency
ရသေ့တောင်၊ အောက်တိုဘာ ၁၂။
အယ်လ်နီညိုကြောင့် လာမယ့်နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အပူချိန်အမြင့်ဆုံးအခြေအနေကို ရောက်ရှိလာနိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နဲ့ နိုင်ငံတကာရာသီဥတုဗဟိုဌာနတွေကဆိုပါတယ်။
အီကွေတာအနီးရှိအပူပိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်နဲ့ လေထုဖြစ်စဉ်တွေဟာ အားကောင်းတဲ့အယ်လ်နီညိုအခြေအနေမှာ ဆက်လက်တည်ရှိနေပါတယ်။
အဲဒီလို အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုပုံစံမူမမှန်တာ၊ မုန်တိုင်းဖြစ်ပေါ်မှုတွေပြောင်းလဲတာနဲ့ လာမယ့်ဆောင်းနဲ့နွေရာသီတွေမှာ အပူချိန်မြင့်မားကာ မိုးခေါင်ရေရှားတာတွေဖြစ်ပေါ်လာနိုင်ပါတယ်။
အဲဒီအပြင် ရေရှားပါးမှုကြောင့် မြစ်ချောင်း၊ အင်းအိုင်နဲ့ရေတွင်းရေကန်တွေ ခန်းခြောက်လာနိုင်ပြီး သောက်သုံးရေ၊ စိုက်ပျိုးရေပြတ်လပ်တာတွေအပြင် ရေအားလျှပ်စစ်ထုတ်လုပ်မှုပါ လျော့နည်းလာနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီလိုရာသီဥတုအစွန်းရောက်လာနိုင်မှုတွေအတွက် သက်ဆိုင်ရာကဏ္ဍတွေအလိုက် ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ကြဖို့ကိုလည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားပါတယ်။








