နတ်သျှင်မေ ရေးပါတယ်။
Border News Agency
ဘူးသီးတောင်၊စက်တင်ဘာ ၂၆။
မိုးရာသီရောက်တိုင်း အာရက္ခဒေသကကျေးရွာတွေမှာ ရေကြီးရေလျှံတာနဲ့လမ်းတွေပိတ် စျေးဆိုင်တွေပိတ်တာတွေကြုံရတတ်ပါတယ်။ ပြင်ပကအကူအညီတွေလည်း ရက်ပေါင်းများစွာကြာမှ ရောက်နိုင်တော့တယ်။
အဲဒီလိုအချိန်တွေမှာ အားကိုးရတာကပြင်ပအကူအညီတွေထက် ငါးခြောက်နဲ့ဟင်းသီးဟင်းရွက်ခြောက်လို မိုးမကျခင်ကြိုတင်သိုလှောင်ထားတဲ့ ရိက္ခာတွေကို အားကိုးစားသုံးကြရပါတယ်။
“ပြီးခဲ့တဲ့သုံးလောက်က၃လလားက မိုးတအားရွာပြီးရေကြီးတာလေ။အဲတုန်းကလမ်းတွေ ပိတ်သွားတယ်။တအိမ်နဲ့တအိမ်သွားဖို့ လှေနဲ့သွားရတယ်။ စျေးလည်း သွားလို့မရဘူး။ ဒါပေမယ့် အရင်ကတည်းကစုထားတဲ့ငါးခြောက်တွေ၊ ဘူးသီးခြောက်တွေရှိတော့ အဲဒါနဲ့အဆင်ပြေသွားတယ်။” လို့ ကျောက်တော်မြို့နယ်မှ အိမ်ရှင်မဒေါ်မသန်းစိန်ကပြောပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့အတူ မုန်တိုင်းနဲ့ရေကြီးရေလျှံမှုလိုသဘာဝဘေးတွေ အာရက္ခဒေသမှာရင်ဆိုင်နေရချိန်မှာ အစားအစာတွေကိုအခြောက်ခံသိမ်းထားတဲ့ ဒီရိုးရာအစားအစာသိုလှောင်နည်းလမ်းတွေဟာ ရိုးရှင်းတဲ့မိရိုးဖလာအလေ့အထတခုလောက်ပဲ မဟုတ်တော့ပါဘူး။ မိသားစုတွေအတွက် အရေးပါတဲ့ရိက္ခာလုံခြုံရေးနည်းလမ်းတခုဖြစ်လာနေပါပြီ။
ရေကြီးတဲ့အခါ အစားအစာရဖို့ ဘာကြောင့်ခက်ခဲတာလဲ
အာရက္ခဒေသဟာ ကမ်းရိုးတန်းဒေသဖြစ်တာကြောင့်မုန်တိုင်းအပြင် မိုးကြီးရေလျှံမှုများကိုလည်း မကြာခဏကြုံတွေ့ရလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာရက်ပေါင်းများစွာမိုးသည်းထန်စွာရွာလို့ အာရက္ခဒေသမှာ ကျေးရွာပေါင်းလေးရာနီးပါးထိရေကြီးမှုကိုခံခဲ့ရတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
အထူးသဖြင့် ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တို့မှာ ရေဘေးဒဏ်အဆိုးဆုံးခံခဲ့ရတယ်လို့ ဆိုပါတယ်။
မိုခါမုန်တိုင်းနောက်ပိုင်းမှာလည်းအစားအစာရရှိရေးက အရေးပေါ်လိုအပ်ချက်ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ထုတ်ပြန်ချက်တွေက ဆိုပါတယ်။
အာရက္ခဒေသမှာ သဘာဝဘေးအန္တရာယ်ဖြစ်ပြီး ပထမအပတ်မှဒုတိယအပတ်အတွင်းမှာ ပြင်ပကယ်ဆယ်ရေးအကူအညီတွေ အချိန်မီမရောက်ရှိနိုင်တာများပြီး သဘာဝဘေးကြုံရတဲ့ကျေးရွာတွေရဲ့ ၇၈ ရာခိုင်နှုန်းခန့်ဟာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားလို့ သီးခြားဖြစ်ကျန်ရစ်ခဲ့ကြတယ်လို့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုကြပါတယ်။
အဲဒီအချိန်ဟာ အိမ်မှာကြိုတင်အခြောက်ခံသိုလှောင်ထားတဲ့ ရိက္ခာတွေကသာအားကိုးစရာဖြစ်လာပါတယ်။
ရိုးရာနည်းလမ်းအတိုင်း အစားအစာတွေကိုဘယ်လိုသိုလှောင်ကြလဲ
အာရက္ခဒေသခံတွေဟာ မိုးမကျခင်ငါးတွေကိုဆားနယ်ပြီး နေပူလှန်းတာ၊ သဘာဝအတိုင်းအခြောက်ခံတာတွေနဲ့ လနဲ့ချီတာရှည်ခံအောင်သိုလှောင်ကြပါတယ်။
ငါးကိုသေချာဆေးကြော၊ အူဖယ်ပြီးဆားနယ်ကာ နေပူထဲမှာလှန်းကြသလို ငါးအရွယ်အစားနဲ့ နေရောင်ခြည်အခြေအနေပေါ် မူတည်ပြီး များသောအားဖြင့် နှစ်ရက်ကနေသုံးရက်ထိနေလှန်းရလေ့ရှိတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
FAO ရဲ့ အချက်အလက်တွေမှာလဲ ငါးကိုဆားနယ်တဲ့အခါ ငါးအသားထဲကရေတချို့ကို ဆားကဖယ်ရှားပေးပြီး ဆားနယ်တာနဲ့အခြောက်ခံတာကို တွဲလုပ်တဲ့အခါ ပုတ်သိုးစေတဲ့ဗက်တီးရီးယားအများစု ပေါက်ပွားဖို့ခက်ခဲလာပြီး ငါးကိုပိုမိုကြာရှည်စွာ သိုလှောင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
“ကျမတို့ဖက်ကဟင်းသီးဟင်းရွက်ရှားပါတယ်။ ငါးပေါပါတယ်။ စျေးချိုတဲ့အခါအများကြီးဝယ်ပြီး အခြောက်လှန်းသိမ်းထားပါတယ်။ မိုးကြီး၊ ရေကြီး အပြင်မသွားရရင် ဒါလေးနဲ့စားကြပါတယ်။”လို့ ပေါက်တောမြို့နယ်မှ မအေးအေးနွယ်က ပြောပါတယ်။
အဲဒီအပြင် ခရမ်းသီး၊ ဘူးသီး၊ ပဲသီး စတဲ့ဟင်းသီးဟင်းရွက်တွေကိုလည်း ပါးပါးလှီးပြီး နေပူထဲမှာလှန်းကာ အခြောက်ခံ သိမ်းဆည်းကြပါတယ်။
မျှစ်ကိုအရင်ပြုတ်ပြီး အချဉ်ဓာတ်နဲ့အခါးလျော့သွားအောင် လုပ်ပြီးမှနေလှန်းကြသလို မျှစ်ချဉ်တည်ပြီးသိမ်းဆည်းတဲ့ နည်းလမ်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။
အဲဒီနည်းလမ်းတွေဟာ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာတဲ့ ဒေသခံအသိပညာတွေရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။
ဘိုးဘွားတွေလက်ထက်ကတည်းကသုံးလာတဲ့ အစားအစာသိုလှောင်နည်းလမ်းတွေကို ဒီနေ့ထိဆက်အသုံးပြုနေကြဆဲဖြစ်ပါတယ်။
“ကျွန်တော်တို့ မြိုလူမျိုးတွေမှာလည်း အဲဒီလိုတာရှည်စားလို့ရအောင် နေလှမ်းထားတာပါ။ တောင်ပေါ်ကရွာတွေမှာ ရေကြီးရင်လမ်းပိတ်တာပိုကြာပါတယ်။ အဲဒါကြောင့် မိုးမကျခင်ကတည်းက ပြင်ဆင်ထားရပါတယ်။”လို့ မြိုလူမျိုးတဦးဖြစ်တဲ့ ဦးထွန်းလှကပြောပါတယ်။
ဒီနည်းလမ်းတွေက ကျန်းမာရေးအတွက်ဘေးကင်းရဲ့လား
အဲဒီရိုးရာနည်းလမ်းတွေကအစားအစာကို တာရှည်ခံအောင်ကူညီပေးနိုင်ပေမယ့် ပြင်ဆင်တာနဲ့သိုလှောင်တာကို စနစ်တကျမလုပ်နိုင်ရင်မှိုတက်ပြီး ကျန်းမာ ရေးအန္တရာယ်တွေဖြစ်လာနိုင်ပါတယ်။
FAO ရဲ့ အဆိုအရ ဆားနယ်ထားတဲ့ငါးဟာ ကြာရှည်ခံတဲ့ထုတ်ကုန်ဖြစ်ပေမယ့် ဆားဒဏ်ခံနိုင်တဲ့ဗက်တီးရီးယားတွေ၊ မှိုတွေပေါက်ဖွားလာနိုင်တာကြောင့် သန့်ရှင်းရေးစံနှုန်းတွေနဲ့ စနစ်တကျဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။
“ငါးခြောက်၊ ဟင်းရွက်ခြောက်တွေကို လေလုံတဲ့ပလတ်စတစ်အိတ် (သို့မဟုတ်) ဖန်ပုလင်းထဲထည့်ပြီး ခြောက်သွေ့အေးမြတဲ့ နေရာမှာသိမ်းထားသင့်ပါတယ်။ အစိုဓာတ် ပြန်ဝင်ရင်မှိုတက်ပြီး စားလို့မရတော့ရုံမက အာဟာရတန်ဖိုးလည်းပျက်စီးသွားနိုင်ပါတယ်။”လို့ သဘာဝဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ ပညာရှင် ဦးအောင်ကျော်စိုးက ပြောပါတယ်။
ငါးခြောက်လိုဆားအသုံးပြုတဲ့ အစားအစာတွေမှာလည်း ဆားပမာဏကိုသတိထားဖို့လိုပါတယ်။
WHO ရဲ့ အကြံပြုချက်အရ လူကြီးတဦးဟာ တနေ့တာစုစုပေါင်းဆားစားသုံးမှုကို ငါးဂရမ်အောက် (လက်ဖက်ရည်ဇွန်းတဇွန်းခန့်ထက်မပိုအောင်) စားသင့်ပြီး ဆားများများစားသုံးတာဟာ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါအန္တရာယ်ကိုတိုးစေနိုင်တယ်လို့ ဆိုပါတယ်။
မိသားစုတွေအတွက် ဘယ်လောက်ပြင်ဆင်ထားသင့်လဲ
မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အကြံပြုချက်အရမိသားစုဝင်လေးဦးရှိတဲ့ အိမ်ထောင်စုတစုမှာ တနေ့သုံးနပ်စားတယ်ဆိုရင် ရေဘေးကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး ပြင်ပအကူအညီမရောက်နိုင်တဲ့ ပထမငါးရက်မှခုနှစ်ရက်အတွင်းစားသုံးနိုင်ဖို့ အခြေခံရိက္ခာတွေကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဆိုပါတယ်။
ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကိုယ်တိုင်ရေဘေးအတွက် ရိက္ခာပြင်ဆင်ထားတဲ့ အမျိုးသမီးတချို့ရဲ့အကြံပြုချက်အရ မိသားစုဝင်လေးဦးအတွက် အဲဒီကာလအတွင်း အနည်းဆုံးငါးခြောက်နှစ်ပိဿာမှ နှစ်ပိဿာခွဲ၊ ဟင်းသီးဟင်းရွက်အခြောက် (ဘူးသီးခြောက်၊ ခရမ်းသီးခြောက်၊ မျှစ်ခြောက် စသဖြင့်) တပိဿာမှတပိဿာခွဲနဲ့ ဆန်ငါးပြည်မှ ခုနှစ်ပြည်ခန့်ပြင်ဆင်ထားသင့်တယ်လို့ဆိုပါတယ်။
ဒါပေမယ့် အဲဒီပမာဏကမိသားစုတိုင်းအတွက် တရားဝင်သတ်မှတ်ထားတဲ့စံနှုန်းမဟုတ်ဘဲ ကိုယ့်မိသားစုအခြေအနေနဲ့ ရေဘေးကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နိုင်တဲ့ ကာလနဲ့လိုအပ်ချက်ကကွာခြားနိုင်ပါတယ်။
စပါးကျီတွေရောဘယ်လိုပြောင်းလဲလာသလဲ
အစားအစာကို အခြောက်ခံသိုလှောင်တာနဲ့အတူ စပါးနဲ့မျိုးစေ့တွေကို ရေဘေးကနေကာကွယ်ဖို့ အောက်ခြေတိုင်မြင့်ဆောက်ထားတဲ့ ရိုးရာစပါးကျီတွေကို ပြုပြင် အသုံးပြုလာကြပါတယ်။
၂၀၂၃ ခုနှစ်၊ မိုခါမုန်တိုင်းအတွင်း အာရက္ခဒေသရှိမြို့နယ်တွေမှာ တောင်သူတွေသိုလှောင်ထားတဲ့ မျိုးစပါးရှစ်ဆယ်ရာခိုင်နှုန်းခန့်ပျက်စီးခဲ့ပြီး စပါးကျီအများအပြားလည်း လေဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူတွေကဆိုကြပါတယ်။
အဲဒီအတွေ့အကြုံကြောင့် စပါးကျီတွေကို ရေလွှမ်းမိုးမှုဒဏ်ကာကွယ်နိုင်အောင် အရင်ကထက်လေးပေမှခြောက်ပေထိ မြှင့်ပြီးဆောက်လိုက်တယ်လို့ မိုခါမုန်တိုင်းဒဏ်ကို ကိုယ်တိုင်ခံစားခဲ့ရတဲ့ တောင်သူတွေကဆိုကြပါတယ်။
“အရင်ကတော့ စပါးကျီကို ပုံမှန်ပဲထားတာပါ။ အခုတော့အရင်ကထက်ပိုမြင့်အောင် လုပ်ရပါတယ်။” လို့ ရသေ့တောင်မြို့နယ်မှ ဦးမောင်သိန်းညွန့်က ပြောပါတယ်။
ရေဘေးကြောင့် လယ်ယာလုပ်ငန်းထိခိုက်တဲ့အချိန်မှာ မျိုးစေ့မပြတ်အောင် ထိန်းသိမ်းထားနိုင်တာက နောက်ထပ်စိုက်ပျိုးရာသီအတွက် ပြန်လည်စတင်နိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။
ရိုးရာနည်းလမ်းနဲ့ နည်းပညာသစ်ကိုပေါင်းစပ်နိုင်မလား
ရိုးရာနည်းလမ်းတွေမှာ အကန့်အသတ်တချို့ရှိပါတယ်။ အထူးသဖြင့်မိုးရွာသွန်းမှုများတာနဲ့ စိုထိုင်းဆမြင့်တဲ့အခါမျိုးမှာ စပါးနဲ့အစားအသောက်တွေကို နေပူလှန်းဖို့ခက်ခဲသလို အစိုဓာတ်ပြန်ဝင်ရင်အစားအစာပျက်စီးနိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။
အဲဒါကြောင့် အာရက္ခဒေသတချို့မှာ ကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့တခုက အစားအစာတွေကိုအခြောက်ခံရာမှာ နေရောင်ခြည်သုံးအခြောက်ခံစနစ်နဲ့ ပြုလုပ်ထားတဲ့အခြောက်ခံအိမ်ကို အသုံးပြုတဲ့နည်းလမ်းနဲ့ပလတ်စတစ်အိတ်တွေသုံးပြီး စပါးအခြောက်ခံတာနဲ့ ရိုးရာစပါးကျီတွေထဲသိမ်းဆည်းတဲ့အခါ လေလုံအိတ်တွေသုံးတဲ့နည်းလမ်းတွေကို ရိုးရာနည်းပညာနဲ့ပေါင်းစပ်အသုံးပြုနည်း သင်တန်းပေးခဲ့တယ်လို့ဆိုပါတယ်။
“မြေပြင်မှာ ကိုယ်တိုင်သွားကြည့်တယ်။ တကယ်အလုပ်ဖြစ်တယ်။ ပုပ်သိုးမှုနှုန်းသိသိသာသာလျော့ကျလာတယ်။”လို့ သင်တန်းပေးခဲ့တဲ့ အဖွဲ့မှာ စေတနာ့ဝန်ထမ်းလုပ်ခဲ့တဲ့ အမျိုးသမီးတဦးကပြောပါတယ်။
ဒါပေမယ့်နည်းပညာသုံးရတဲ့နည်းလမ်းတွေကိုတော့ ငွေကြေးတက်နိုင်သူတွေသာ အသုံးပြုနိုင်သေးပြီး ဒီပံ့ပိုးမှုတွေဟာ အာရက္ခဒေသရဲ့နေရာအများစုကို ကျယ်ကျယ်ပြန့်ပြန့် မရောက်သေးပါဘူး။
အာရက္ခဒေသကကျေးရွာတချို့မှာ ငါးခြောက်အိတ်၊ ဟင်းရွက်ခြောက်ဘူးလေးတွေနဲ့ မြှင့်တင်ဆောက်ထားတဲ့ စပါးကျီတွေဟာ မိုးရွာပုံမတည်ငြိမ်လာတဲ့ ခုလိုအခြေအနေမှာတော့ မိသားစုတွေရေဘေးကြား ရိက္ခာပြတ်လပ်မှုကိုကျော်ဖြတ်နိုင်ဖို့ အားကိုးနေရတဲ့နည်းလမ်းအဖြစ် ဆက်အသုံးဝင်နေဆဲဖြစ်ပါတယ်။










