Border News Agency
အမ်း၊ ဇန်နဝါရီ ၂၄။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်ကြဖို့ ဇန်နဝါရီလ ၂၃ ရက်၊ မနေ့က အာရက္ခတပ်တော် (AA) ဖိတ်ခေါ်လိုက်ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်က အတင်းအဓမ္မစုဆောင်းခံထားရတဲ့ စစ်သားသစ်တွေနဲ့တခြားတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်နေတာပါ။
အဲဒီလိုဖိတ်ခေါ်တာဟာ ရှေ့တန်းစစ်မျက်နှာမှာ စစ်ကော်မရှင်တပ်တပ်ဖွဲ့ဝင်တွေကို လူမဆန်စွာအသုံးချနေတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်သား ချစ်ကိုဇင်ဟာ အာရက္ခတပ်တော်ဆီအလင်းဝင်လာတာကို ဇန်နဝါရီလ ၂၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီပြည်သူ့စစ်ချစ်ကိုဇင်က စစ်ကော်မရှင်ဟာ တပ်သားသစ်တွေကို ရှေ့တန်းမှာအကာအကွယ်သဖွယ် အသုံးချနေတယ်လို့ဆိုပါတယ်။
အဲဒီအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာထိန်းချုပ်ဖို့အတွက်လည်း မူးယစ်ဆေးဝါးတွေကို အရာရှိတွေကိုယ်တိုင်ရောင်းချပေးပြီး သုံးစွဲခိုင်းနေတာမျိုးတွေရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီလိုအလင်းဝင်လာသူတွေကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနဲ့အညီ အာရက္ခတပ်တော်က ကောင်းမွန်စွာပြုစုစောင့် ရှောက်ပေးသွားမှာဖြစ်ပြီး မိသားစုဝင်တွေနဲ့ပြန်လည်ဆုံစည်းနိုင်အောင် ကူညီပေးသွားမယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဘက်ပြောင်းလိုသူတွေဟာ နီးစပ်ရာစစ်မျက်နှာပြင်တွေမှာ အလံဖြူထောင်လို့ဖြစ်စေ၊ နီးစပ်ရာကတဆင့် ဆက်သွယ်အလင်းဝင်နိုင်တယ်လို့ အသိပေးထားပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ မိသားစုဝင်တွေရှိရာသုံ့ပန်းစခန်းတွေကို လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတာမို့ အစုလိုက်အပြုံးလိုက်သေဆုံးနေကြရပါတယ်။






