Border News Agency
မြောက်ဦး၊ ဧပြီ ၂၅။
အာရက္ခဒေသမှာပြုလုပ်တဲ့ နွေရာသီတလတာ ခရစ်ယာန်ကျမ်းစာကျောင်းဆင်းပွဲ အခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။
အဲဒီ ခရစ်ယာန်ကျမ်းစာကျောင်းဆင်းပွဲကို ဧပြီလ ၂၄ ရက်မှာကျင်းပခဲ့တာဖြစ်ပြီးကျမ်းစာသင်တန်းအဆင့်အလိုက် အောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ကျောင်းသူ ၇၆ ဦးကို သင်တန်းဆင်းလက်မှတ်တွေနဲ့ ဆုတွေ ပေးအပ်ချီးမြှင့်ခဲ့တာပါ။
အာရက္ခအစိုးရရဲ့ တာဝန်ရှိသူတွေကသင်တန်းဆင်းကျောင်းသားတွေကို ဂုဏ်ပြုစကားပြောကြားခဲ့သလို ကျမ်းစာကျောင်းအုပ်ကြီးနဲ့ ဆရာတွေကိုလည်း တဦးကို ငွေကျပ် ၅ သိန်းစီ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အာရက္ခအစိုးရတာဝန်ရှိသူတွေက လူငယ်တွေအနေနဲ့ မိမိတို့ယုံကြည်တာမှာ ခိုင်မာဖို့၊စာရိတ္တကောင်းမွန်ဖို့နဲ့ လူမျိုးအကျိုးအတွက် နိုင်ငံရေး၊ လူမှုရေးကဏ္ဍတွေမှာ တာဝန်သိစွာ ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
အခုလိုအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအတွင်းမှာ ဘာသာရေးနဲ့ ပညာရေးလုပ်ငန်းတွေ လွတ်လပ်စွာ အသက်ဝင်လာတာဟာ နောင်လာမယ့် မျိုးဆက်သစ်လူငယ်တွေအတွက် အားတက်စရာ ခြေလှမ်းတခုဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။


















