Border News Agency
မြစ်ကြီးနား၊ဧပြီ ၂၆။
မြန်မာပြည်သူတွေကန့်ကွက်နေတဲ့ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်စနိုင်ဖို့ အာဏာသိမ်းစစ်တပ်က ဒေသခံတွေကို တွေ့ဆုံစည်းရုံးကြိုးစားနေပါတယ်။
အဲဒီမြစ်ကြီးနားမြို့မှာ ဧပြီလ၂၅ ရက်နေ့က ၁၄ ကြိမ်မြောက် ဒေသခံပြည်သူလူထုတွေ့ဆုံပွဲမှာ ကချင်ပြည်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မြစ်ဆုံစီမံကိန်းဟာ နောင်လာမယ့်မျိုးဆက်တွေအတွက် အခွင့်အလမ်းဖြစ်လို့ ပူးပေါင်းကြဖို့ လိမ်ညာစည်းရုံးခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ စစ်ကော်မရှင်တပ်ခန့် ကော်မတီဝင်တွေက စီမံကိန်းရဲ့ နည်းပညာပိုင်း၊ ကမ္ဘာ့ရေအားလျှပ်စစ်အခြေအနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာသုံးသပ်ချက်တွေကို ရှင်းလင်းခဲ့ကြတာပါ။
ဒါပေမယ့် မြစ်ဆုံစီမံကိန်းဟာ ဧရာဝတီမြစ်ကြီးရဲ့ ဂေဟစနစ်ပျက်စီးမှာ၊ သဘာဝပတ်ဝန်းကျင်ဆိုးကျိုးတွေကြောင့် ပြည်သူတွေကန့်ကွက်လာခဲ့ကြတာဖြစ်ပြီး ၂၀၁၁ ခုနှစ်က ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စွမ်းအင်လိုအပ်ချက်ကို အကြောင်းပြပြီး မြစ်ဆုံစီမံကိန်းကို ပြန်အသက်သွင်းဖို့ကြိုးပမ်းနေတာမို့မြန်မာပြည်သူတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေစိုးရိမ်နေပါတယ်။







