Border News Agency
ဗြိတိန်၊ဧပြီ ၂၆။
ဗြိတိန်နိုင်ငံရှိ RAF Fairford လေတပ်အခြေစိုက်စခန်းအတွင်းမှာ ဧပြီလ ၂၆ ရက်၊ ဒီနေ့မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ ဒေသခံတွေကို မီးခိုးငွေ့အန္တရာယ်တွေကြောင့်တံခါးတွေပိတ်ထားကြဖို့ သတိပေးချက် ထုတ်ပြန်ထားရပါတယ်။
အဲဒီမီးလောင်မှုဟာ စခန်းအတွင်းက စားသောက်ကုန်အရောင်းဆိုင်ရှိရာ အဆောက်အအုံမှာ စတင်ခဲ့တာဖြစ်ပြီး ဗြိတိန်မီးသတ်တပ်ဖွဲ့နဲ့ အမေရိကန်စစ်တပ် မီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းကာ အရေးပေါ် ထိန်းချုပ်ခဲ့ကြရပါတယ်။
အဲဒီလေတပ်စခန်းဟာ လက်ရှိ အီရန်နိုင်ငံကို တိုက်ခိုက်နေတဲ့ Operation Epic Fury စစ်ဆင်ရေးအတွက် အဓိကဗျူဟာမြောက် စခန်းတခုဖြစ်ပြီး B-1B နဲ့ B-52H ဗုံးကြဲလေယာဉ် အမြောက်အမြားကို အခြေစိုက် ထားရှိတာလည်း ဖြစ်ပါတယ်။
မီးမလောင်ခင် တရက်အလိုက စခန်းရှေ့မှာ စစ်ဆင်ရေးကို ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေ ရှိခဲ့ပေမယ့် အခုမီးလောင်မှုနဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေက စုံစမ်းနေဆဲပါ။
အခုမီးလောင်မှုကြောင့် အခြေစိုက်စခန်းအတွင်းက ဗုံးကြဲလေယာဉ်တွေနဲ့ လက်နက်တိုက်တွေ ထိခိုက်မှု ရှိ၊ မရှိကိုတော့ အမေရိကန်စစ်တပ်ဘက်က တစုံတရာ အတည်ပြု ထုတ်ပြန်တာ မရှိသေးပါဘူး။






