Border News Agency
အမေရိကန်၊ မေ ၅။
ဟော်မုဇ်ရေလက်ကြားအတွင်းမှာ အမေရိကန်စစ်တပ်က ခရီးသည်တင်လှေတွေကိုတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သား ၅ ဦး သေဆုံးခဲ့ရတယ်လို့ အီရန်အစိုးရက မေလ ၅ ရက်၊ ဒီနေ့မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။
ဒါဟာအမေရိကန်ဘက်က အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ သင်္ဘောတွေကိုပစ်မြှုပ်ခဲ့တယ်ဆိုတဲ့ ထုတ်ပြန်ချက်အပြီးမှာ အီရန်ဘက်ကပြန်လည်တုံ့ပြန်လိုက်တာပါ။
အမေရိကန်ရေတပ် ဗိုလ်ချုပ်ဘရတ်ကူးပါးကတော့ ရေလက်ကြားမှာပိတ်မိနေတဲ့သင်္ဘောတွေကို လိုက်ပါစောင့်ရှောက်ပေးတဲ့ Project Freedomစစ်ဆင်ရေးကို နှောင့်ယှက်ဖို့ကြိုးစားတဲ့ အီရန်စစ်ဘက်ဆိုင်ရာလှေ ၆ စင်းကို ပစ်မြှုပ်ခဲ့တာလို့ ပြောထားပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ကလည်း ပစ်မြှုပ်လိုက်တဲ့လှေ ၇ စင်းအထိ ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်အီရန်စစ်ဘက် တာဝန်ရှိသူတဦးကတော့ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ IRGC သင်္ဘောတွေ ထိခိုက်တာမျိုးမရှိဘဲ အမေရိကန်ကအိုမန်နိုင်ငံ ခါးဆပ်ကနေအီရန်ဘက်ကိုလာနေတဲ့ ခရီးသည်တင်လှေငယ်နှစ်စင်းကိုသာတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လှေတွေပျက်စီးပြီး ခရီးသည် ၅ ဦး သေဆုံးခဲ့ရတယ်လို့ အီရန်ဘက်ကဆိုပါတယ်။
အီရန်ဟာ ဟော်မုဇ်ရေလက်ကြားကို သူတို့ထိန်းချုပ်ထားပြီး ရေကြောင်းဖြတ်သန်းခတွေကိုလည်း စစ်လျော်ကြေးအဖြစ် တောင်းခံနေတာပါ။
ဒါကိုအမေရိကန်က လက်မခံဘဲရေလက်ကြားပြန်ဖွင့်ဖို့ စစ်ရေးအရကြိုးပမ်းနေတာကြောင့် ပြီးခဲ့တဲ့ဧပြီလကရခဲ့တဲ့ နှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေးဟာလည်း ပျက်ပြယ်လုနီးပါးဖြစ်နေပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့ အခုဖြစ်ရပ်တွေက ဒီပြဿနာကိုစစ်ရေးနဲ့ဖြေရှင်းလို့မရဘူးဆိုတာ ပြနေတာဖြစ်ပြီး အမေရိကန်အနေနဲ့ စစ်နွံထဲကိုပြန်မရောက်သွားအောင် သတိထားဖို့သတိပေးလိုက်ပါတယ်။
တဖက်မှာလည်း သမ္မတထရမ့်ကတော့ အမေရိကန်သင်္ဘောတွေကိုသာတိုက်ခိုက်ရင် အီရန်ကိုမြေလှန်ပစ်မယ်လို့ ဆက်လက်ခြိမ်းခြောက်နေပါတယ်။






