Border News Agency
လက်ဘနွန်၊ဇွန် ၁၉။
အမေရိကန်နဲ့အီရန်တို့ကြား စစ်ပွဲတွေရပ်ဆိုင်းဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပေမယ့် အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းကို လေကြောင်းကနေ ဆက်လက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် ကားတစစီး ထိမှန်ပြီး ဒေသခံအပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးကာ ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းနယ်မြေထဲကို ၁၀ ကီလိုမီတာခန့်အထိ ကျူးကျော်ဝင်ရောက်ထားတဲ့ စစ်ရေးမြေပုံတခုကို ထုတ်ပြန်ခဲ့ပြီး ဒါဟာ လက်ဘနွန်ရဲ့ ကုန်းတွင်းပိုင်းနယ်နိမိတ်တင်မကဘဲ သဘာဝဓာတ်ငွေ့စီမံကိန်းရှိတဲ့ ရေပိုင်နက်ဆိုင်ရာ သဘောတူညီချက်တွေကိုပါ ချိုးဖောက်နေတာ ဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ အမေရိကန်ရဲ့ ဖိအားပေးမှုတွေကို ဂရုမစိုက်ဘဲ အစ္စရေးရဲ့ တည်ရှိမှုကို ကာကွယ်ဖို့အတွက် လက်ဘနွန်ကို အချိန်မရွေး၊နေရာမရွေး အင်အားအပြည့်နဲ့ ဆက်လက်တိုက်ခိုက်ဖို့ သူ့ရဲ့ပါတီဝင်တွေဆီကနေ တွန်းအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
တဖက်မှာလည်း ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ပြန်လည်တုံ့ပြန်ခဲ့လို့ အစ္စရေးစစ်သား ၁ ဦး သေဆုံးခဲ့ရပြီး မိမိတို့အနေနဲ့ တဖက်သတ်အပစ်ရပ်စဲရေးကို လက်ခံမှာမဟုတ်သလို လက်နက်စွန့်လွှတ်မှာလည်း မဟုတ်ဘူးလို့ တုံ့ပြန်ထားတယ်လို့သိရပါတယ်။










