Border News Agency
နေပြည်တော်၊ဇွန် ၁၉။
အွန်လိုင်းပေါ်မှာသတင်းတု၊သတင်းမှားဖြန့်တာတွေ၊ မဖွယ်မရာတင်တာတွေနဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုမှုတွေကိုနှစ်ဆယ့်လေး နာရီလုံး စောင့်ကြည့်စစ်ဆေးပြီး ဥပဒေအရ အရေးယူနေတယ်လို့ အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၈ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမင်းသူကဇွန်လ ၁၈ ရက်နေ့ကလွှတ်တော်အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ သင်္ဃန်းကျွန်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေးရဲ့ လူမှုကွန်ရက်သုံးပြီး အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေနဲ့ သတင်းမှားဖြန့်သူတွေကို အရေးယူဖို့ ရှိ၊ မရှိ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာပါ။
အဲဒီအပြင် အွန်လိုင်းပေါ်မှာ လှုံ့ဆော်သူတွေနဲ့ သတင်းမှားဖြန့်သူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀၊ ၅၂ အပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ အရေးယူနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က အွန်လိုင်းအသုံးပြုမှုတွေကို တင်းကျပ်ထားပြီး ပြည်သူတွေအနေနဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားမျှဝေရာမှာအဲဒီပုဒ်မတွေနဲ့ အရေးယူခံရနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။














