Border News Agency
မောင်တော၊ ဇူလိုင် ၂၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်သုံးဦးဟာ နတ်မြစ်ကိုဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ထွက်ပြေးချိန် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်မီဒီယာတွေမှာ ဖော်ပြပါတယ်။
အဲဒီထွက်ပြေးသူတွေဟာ မောင်တောမြို့မရဲစခန်းမှ ဒုတိယရဲအုပ်ဟိန်းဒီထက်၊ ရဲတပ်ဖွဲ့ဝင်ဟိန်းဇော်နဲ့ ဘူးသီးတောင်အခြေစိုက်တပ်ရင်း ၃ မှ ရဲတပ်ဖွဲ့ဝင်ကျော်နိုင်ဖြစ်ကြပါတယ်။
သူတို့ဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်ရှိ တပ်ရင်း ၁ ဌာနချုပ်အနီးမှ ဇူလိုင်လ ၁၉ ရက်၊ ညပိုင်းမှာ ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနောက် နတ်မြစ်ကမ်းဘေးမှ ပလတ်စတစ်ပိပါခွံတွေကိုအသုံးပြုပြီး ရေကူးကာဘင်္ဂလားဒေ့ရှ်ဘက်အခြမ်း တက္ကနက်ဖ်မြို့အနီးသို့ ဇူလိုင်လ ၂၀ ရက်၊ နေ့လည်ရောက်နေကြချိန်မှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်သုံးဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က တက္ကနက်ဖ်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်ဝင်ရောက်မှုနဲ့ အမှုဖွင့်ကာ တရားရုံးသို့ တင်ပို့သွားမယ်လို့ဆိုပါတယ်။






