Border News Agency
သံတွဲ၊ ဩဂုတ် ၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ဇူလိုင်လတလအတွင်း အရပ်သားကိုးဦးသေဆုံးပြီး နှစ်ဆယ့်လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီသံတွဲမြို့နယ်၊ ရွှေလှေရွာကို ဇူလိုင်လ ၃၁ ရက်၊ နေ့လည် ၃ နာရီခွဲအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တဦးအပါအဝင် အရပ်သားလေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားခဲ့တာပါ။
အဲဒီအပြင်ဇူလိုင်လ ၂၄ ရက်နေ့ကလည်း သံတွဲမြို့ရှိအမှတ် ၈ ရပ်ကွက်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံးပြီးခြောက်ဦးဒဏ်ရာရသွားခဲ့သလို သံတွဲမြို့၊ အမှတ် ၇ ရပ်ကွက်မှ အရပ်သားခုနှစ်ဦးလည်းဒဏ်ရာရသွားခဲ့ပါတယ်။
နောက်ပြီးသံတွဲမြို့၊ ဂျိတ္တော ၅ ရပ်ကွက်ကို ဇူလိုင်လ ၂၃ ရက်နေ့ကလည်း စစ်တပ်မှလေကြောင်းတိုက်ခိုက်လို့ သံဃာတပါးအပါအဝင် ခုနှစ်ဦးဒဏ်ရာရသွားပြီး ဘုန်းကြီးကျောင်းနဲ့နေအိမ်ငါးဆောင်ပျက်စီးသွားပါတယ်။
အဲဒီအပြင်ဂွမြို့နယ်၊ ကုလားချောင်းရွာကို ဇူလိုင်လ ၁၀ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်လေကြောင်းတိုက်မှုအတွင်း သေဆုံးဒဏ်ရာရတဲ့အထဲ ကလေးငါးဦးအပါအဝင် အမျိုးသားရှစ်ဦး၊ အမျိုးသမီးခုနှစ်ဦးနဲ့ နောက်ထပ်သံဃာတပါးလည်းပါဝင်နေပါတယ်။
အဲဒီအပြင်ကလေးတဦးအပါအဝင် အမျိုးသမီးလေးဦးနဲ့ အမျိုးသားနှစ်ဦးသေးဆုံးပြီး ကလေးလေးဦးအပါအဝင် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားငါးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်မြို့တွေကိုရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာမို့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရနေကြပါတယ်။







